ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့က အမေရိကန် ပြည်ထောင်စု၊ မင်နီယာပိုးလစ်တွင် လူဖြူရဲတဦးမှ အချိန် ၉ မိနစ်နီးပါး ဒူးဖြင့် လည်ပင်းပေါ်ထောက်ထားခဲ့သောကြောင့် လူမည်းဖြစ်သူ George Floyd သေဆုံးခဲ့ရသည်။
ထို့နောက် တရားမျှတမှု ရရှိရေး အတွက် အမေရိကန်ရှိ မြို့ကြီး ၇၀ ကျော် ဆန္ဒပြခဲ့ကြရာမှ ယခုအခါ ငြိမ်းချမ်းစွာဆန္ဒပြသူတို့မှ လွဲ၍ အခြား ဆန္ဒပြသူများက ဆိုင်များ၊ ကုန်တိုက်များ၊ ကားပြခန်းများကို မီးရှို့ခြင်း၊ ပစ္စည်းများ ဖျက်ဆီးခြင်း၊ လုယက်ခြင်းများ ပြုလုပ်လာခဲ့ကြသည်။
မြို့ကြီးများ အားလုံး ပဍိပက္ခဖြစ်ပွားနေစဉ်တွင် အချို့သော မြို့များ၌ မိမိတို့၏ လုပ်ငန်းများ ဖျက်ဆီးခြင်းမခံရရန် ကိုယ်ပိုင် သေနတ်ကိုင်အစောင့်များ ငှားရမ်းခြင်း၊ အချို့သော စစ်မှုထမ်းဟောင်းများ ကိုယ်တိုင် လက်နက်များ၊ သေနတ်များ ကိုင်ဆောင်ကာ မိမိတို့ ရပ်ကွက်များအား ကာကွယ်ရခြင်းများ ရှိလာခဲ့သည်။
မြို့ကြီးများပေါ်တွင်လည်း အခြေအနေထိန်းသိမ်းရန် ရဲများ နှင့် ဆိုးသွမ်းဆန္ဒပြသူများကြား အထိကရုန်းများ ဖြစ်ပေါ်လျက်ရှိသည်။
ထိုအခြေအနေများကြောင့် ကမ္ဘာ့ အကြီးဆုံး လက်လီအရောင်း လုပ်ငန်းကြီးဖြစ်သည့် Walmart (ဝေါမတ်) က ၎င်းတို့၏ အချို့သော ဆိုင်ခွဲများတွင် လက်နက်များကို အရောင်းစင်များမှ ဖြုတ်သိမ်းထားမည်ဟု ကြေငြာခဲ့သည်။
Walmart အနေဖြင့် လက်နက်ခဲယမ်းများ၊ ကျည်ဆံများ ဆက်လက်ရောင်းနေဦးမည်မှန်သော်လည်း ယခု အခါတွင် လုံခြုံသောနေရာများတွင် သိမ်းထား၍ ရောင်းမည်ဟု ဆိုသည်။
ဗုဒ္ဓဟူးနေ့က ကုမ္ပဏီပိုင် အချို့သော ဆိုင်ခွဲများတွင် လုယက်ဖေါက်ထွင်းမှုများ ခံခဲ့ရသည်ဟု စီအီးအိုဖြစ်သူ Doug McMillon (ဒေါ့မက်မီလန်) က ဆိုသည်။
နိုင်ငံအတွင်းရှိ ဆိုင်တော်တော်များများ ဖေါက်ထွင်းခံနေရသည်ဖြစ်ရာ ယခုကဲ့သို့ လက်နက်ခဲယမ်းများကို ပိုမိုလုံခြုံသောနေရာများသို့ ရွှေ့ပြောင်း၍ ရောင်းချခြင်းက တာဝန်သိအရောင်းလုပ်ငန်းတစ်ခုအနေဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
Walmart သည် အမေရိကန်ပြည်ထောင်စု တဝှမ်း ဆိုင်ပေါင်း ၄၇၀၀ ကျော် ဖွင့်လှစ်ထား၍ အချို့သော မြို့ကြီးများတွင်မူ သေနတ်များကို ရောင်းချခြင်း မပြုပေ။
ဗုဒ္ဓဟူးနေ့က CEO ဖြစ်သူ Doug McMillon က နှစ်ပတ်လည် ရှယ်ယာပိုင်ရှင်များ အစည်းအဝေးကို ပြုလုပ်ခဲ့ပြီး အချို့သော စတိုးများ ထိခိုက်ခံခဲ့ရကြောင်း ပြောကြားခဲ့သည်။
၎င်းတို့အနေဖြင့် ဆိုင်များကို ပိတ်ရန်ကြုံလာပါက အလျင်အမြန် ပိတ်သွားမည်ဖြစ်ပြီး ထိခိုက်ခဲ့သော ဆိုင်အရေအတွက်မှာ ရာခိုင်နှုန်းအရဆိုလျှင် များများစားစား မရှိဟု ဆိုသည်။
Walmart အနေဖြင့် ၎င်း၏ လက်တွဲဖေါ် စီးပွားဖက်များနှင့် အားပေးသူ ဖေါက်သည်များ၏ လုံခြုံရေးကိုသာ ဦးစားပေးသွားမည်ဖြစ်ပြီး မူလအခြေအနေသို့ အမြန်ပြန်ရောက်ရန် ကြိုးစားသွားမည်ဟု ပြောကြားခဲ့သည်။
ဒေါ့မက်မီလန်က ဂျော့ဖလွိုက်သေဆုံးမှုနှင့်ပါတ်သက်၍လည်း ဤကိစ္စသည် ဝမ်းနည်းနာကြင်ဖွယ်ရာ လက်မခံနိုင်သည့်အရေးဖြစ်ကြောင်း၊ ယခုပြဿနာသည် နိုင်ငံလုံးဆိုင်ရာ ပြဿနာဟု မိမိတို့ နားလည်ကြောင်း၊ မိမိတို့အားလုံး ခံစားနေရသော နာကြင်မှုများက တဦးနှင့်တဦး ကူညီရန် မည်မျှလိုအပ်သည်ဆိုသည်ကို သတိပေးနေကြောင်း၊ ဖြစ်လာသမျှအခက်အခဲများကို နိုင်ငံအတွင်းစုစုစည်းစည်း ကိုင်တွယ်သွားရမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။
Walmart Inc. သည် ၂၀၂၀ ခုနှစ်တွင် ကန်ဒေါ်လာ ဘီလျံ ၅၂၄ မျှတန်ဖိုးရှိကြောင်း တွက်ချက်ထားကြသည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics
Source: CNBC News, Business Insider, Fox Business, Getty Images