ပြီးခဲ့သည့် လပိုင်းအတွင်း ပညာရှင်များမျှော်လင့်ထားသည့် ဈေးထက်ပိုမိုမြင့်တက်လာခဲ့သည့် သံသတ္ထုရိုင်းဈေးများကြောင့် အနောက်သြစတေးလျ (Western Australia) ၏ စီးပွားရေးအခြေအနေသည် အခြားပြည်နယ်များထက် ပို၍ လျင်လျင်မြန်မြန်တိုးတက်လာနိုင်သည်။
ကိုဗစ်-၁၉ အကြပ်အတည်းကာလများအတွင်း ကမ္ဘာကြီး၏ အခြားဘက်ခြမ်းရှိ သံသတ္ထုရိုင်းများ အများဆုံးထုတ်လုပ်ရာ ဘရာဇီးနိုင်ငံတွင်း ထုတ်လုပ်ရေး လျော့ကျလာခဲ့ပြီး ဘရာဇီးနိုင်ငံကိုယ်တိုင်သည်ပင် ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကို အလူးအလဲခံနေရသည်။
ကမ္ဘာတဝှမ်း စီးပွားရေးကျဆင်းနေချိန်တွင် တရုတ်ပြည်၏ သံသတ္ထုရိုင်းဝယ်လိုအားမှာလည်း နေ့စဉ်ရက်ဆက်မြင့်တက်လာခဲ့ပြီး ယနေ့တွင် သံရိုင်း ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၁၁၂ ဒေါ်လာအထက်သို့ရောက်ရှိခဲ့ပြီဖြစ်သည်။
Deloitte Access Economics မှ နိုရယ် ရစ်ချက် (Noel Richards) က “ပြီးခဲ့တဲ့ ၆ လက လူတိုင်းခန့်မှန်းထားတာထက် ကျော်သွားပြီ။ ကိုဗစ်သာ မရှိဖူးဆိုရင် (ဒီဈေးနဲ့) ဘဏ္ဍာရေး ဘတ်ဂျတ်တွေအတွက် တကယ့် ပွပေါက်ပဲ” ဟု ပြောကြားခဲ့သည်။
ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် သံရိုင်းဈေးသည် ၁ တန်လျှင် ဒေါ်လာ ၁၀၀ အောက်မဆင်းသေးချေ။
ပြီးခဲ့သည့် နှစ်ကဆိုလျှင် အနောက်သြစတေးလျအစိုးရအနေဖြင့် သံရိုင်း ဝယ်လိုအားနှင့် ရောင်းလိုအား ချိန်ညှိရန်ဟုဆိုကာ ပျမ်းမျှဈေး ၁ တန်လျှင် ၆၅ ဒေါ်လာ (US) မျှ သတ်မှတ်ခဲ့ရသေးသည်။
မစ္စတာ ရစ်ချက်ကဆက်လက်၍ “ပြည်နယ်အစိုးရရဲ့ ဘတ်ဂျတ်နဲ့ ဒီသတ္ထုဈေးက အရမ်းဆက်စပ်ပြီး ထိရှလွယ်နေပါတယ်။ အမေရိကန် ၁ ဒေါ်လာလောက်ပဲ ဈေးပြောင်းကြည့်။ အဲ့တာက အစိုးရဘက်က ဘတ်ဂျတ်မှာ ဒေါ်လာ သန်း ၈၀ လောက်ထိပြောင်းလဲဖို့ သက်ရောက်တယ်ဗျ။ အဲ့တော့ အရမ်းသိသာတယ်ပြောရမယ်” ဟု ပြောကြားခဲ့သည်။
ကိုဗစ်-၁၉ ကြောင့် လုပ်ငန်းများပိတ်သိမ်းခဲ့ရခြင်းများအပြင် အခြား ဆက်စပ် စီးပွားရေးထိခိုက်မှုများလည်း ရှိခဲ့ရာ သံရိုင်းဈေး မြင့်တက်လာခြင်းသည် ဝမ်းသာအဲလဲ ကြိုဆိုစရာကိစ္စဟုဆိုသည်။
ပြည်နယ်အစိုးရအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ဘေးမှ စီးပွားရေးပြန်လည်ထူထူထောင်ထောင်ဖြစ်လာစေရန် ငွေကြေးအမြောက်အများသုံးနေရပြီး သတ္ထုတွင်းများမှ ပေးဆောင်သည့် အခွန်များသည် စီးပွားရေးနာလန်ထူလာရန် အရေးပါသည့် ကိစ္စများဖြစ်လာသည်။
သြစတေးလျသည် ပြီးခဲ့သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ဟဒ်လန်း ဆိပ်ကမ်း (Port Hedland) တစ်ခုတည်းမှပင် သံရိုင်းတန်ချိန် သန်း ၅၀၀ ကျော် ထုတ်လုပ်တင်ပို့နိုင်ခဲ့သည်။
သို့သော်လည်း ဤနေရာတွင် အရေးကြီး မေးခွန်းထုတ်စရာကိစ္စရှိနေသည်။
သတ္ထုတွင်းကုမ္ပဏီများ၏ လုပ်ငန်းဆောင်ရွက်ချက် အလားအလာဖြစ်သည်။
အနောက်သြစတေးလျပိုင်းရှိ သံရိုင်းတူးဖေါ်ရေး စရိတ်မှာ ၁ တန်လျှင် ကန်ဒေါ်လာ ၂၉.၆ ဒေါ်လာဖြစ်သည်ဟု အလုပ်အကိုင်၊ ခရီးသွားလာရေး၊ သိပ္ပံနှင့် ဆန်းသစ်တီထွင်မှု ဌာနက ဆိုသည်။
ထို့ကြောင့် အမြတ်အစွန်းများကို အခွန်ကိစ္စနှုတ်၍ ခန့်မှန်းနိုင်ပြီးဖြစ်သော်လည်း သတ္ထုတူးဖေါ်ရေး ကုမ္ပဏီများအနေဖြင့် ယခု သံရိုင်းဈေးမြင့်တက်မှုသည် ရေရှည်ခံမည်လားဆိုသည့် ယုံကြည်မှုပင်ဖြစ်သည်။
၎င်းတို့အနေဖြင့် ပို၍ ကြီးမားသော သတ္ထုတူးဖေါ်ရေး ပရောဂျက်၊ စီမံကိန်းကြီးများကို မြင်တွေ့လာရဖွယ်ရှိပြီး ထိုမှတဆင့် အလုပ်အကိုင်နေရာသစ်များဖန်တီးပေးနိုင်ကာ စီးပွားရေးထဲသို့ ငွေလည်ရန် ကနဦးဖြစ်ပေါ်လာမည်ဖြစ်သည်။
သြစတေးလျအစိုးရအနေဖြင့် လာမည့် လအနည်းငယ်အတွင်း ငွေကြေးရင်းနှီးမြှုပ်နှံမှုများလုပ်ကာ မည်သည့်ကဏ္ဍများကိုတိုးတက်ရန် အားပေး၍ စီးပွားရေး မြန်မြန်ဆန်ဆန်တိုးတက်စေမည်လဲဆိုသည်ကို စောင့်ကြည့်ရမည်ဟု မစ္စတာရစ်ချက်က ဆိုသည်။
“ငွေထည့်ရမယ့်နေရာတွေ၊ နယ်ပယ်နဲ့ စီမံကိန်းတွေကို အရွေးမှန်ဖို့လိုတယ်။ အဲ့ဒါမှ အလုပ်အကိုင်တွေ ပြန်အသက်ဝင်လာမှာ။ ဒါကိုသာမှန်မှန်ကန်ကန်လုပ်နိုင်ရင်တော့ သတ္ထုတွင်းတွေဆီက ရမယ့် အခွန်တွေနဲ့ စီးပွားရေးမြန်မြန်လေး နာလန်ထူနိုင်ပါပြီ” ဟု သူက ပြောကြားခဲ့သည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: ABC Australia
Images: Rio Tinto, ABC Open Contributor Greens_pics