အနောက်ဩစတေးလျပြည်နယ်ပိုင်းတွင် လူဦးရေ ၂.၅ သန်း ခန့်သာရှိသော်လည်း ပြီးခဲ့သည့် ၆ လ အတွင်း စူပါမတ်ကတ်နှင့် ကုန်တိုက်ကြီးများတွင် ပစ္စည်းခိုးယူမှုများ မြင့်တက်လာ၍ လူလုပ်အသိဉာဏ် AI နည်းပညာပါဝင်သော ကင်မရာများ တပ်ဆင်ကာ လုံခြုံရေးမြှင့်တင်မှုများ ပြုလုပ်နေရသည်။
Bella Vista, AU အခြေစိုက် ကုန်တိုက်လုပ်ငန်းကြီးဖြစ်သော Woolworths မှာ အီလစ်ရှာမိုး က ဩစတေးလျအရှေ့ပိုင်းပြည်နယ်များတွင် အခိုးခံရနှုန်းလျော့ကျလာပြီးနောက် ယခုနည်းပညာကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ကြသည်ဟု ပြောကြားခဲ့သည်။
ယခုနည်းပညာတွင် ဈေးဝယ်သူ၏ မျက်နှာကိုမှတ်သားထားမည့် စနစ်မဟုတ်ဘဲ ဈေးဝယ်ပစ္စည်း တခုခုအား စက်နှင့်ဖတ်ရာတွင်အဆင်မပြေမှသာ မှတ်သားသွားမည်ဟု ဆိုသည်။
အဆိုပါကိစ္စရပ်များကို ပြန်လည်သုံးသပ်ရာတွင်လည်း ကင်မရာမှတ်တမ်းကို ပြန်လည်ကြည့်ပါက ဈေးဝယ်သူများ၏ မျက်နှာကို ဝါးထားမည်ဟု သိရသော်လည်း လွန်ခဲ့သော လအနည်းငယ်ခန့်က ဈေးဝယ်စင်တာများတွင် အဆိုပါ AI နည်းပညာကို အသုံးပြုသောကြောင့် ဩစတေးလျလက်လီလုပ်ငန်းများကို အများက ဝေဖန်လျက်ရှိသည်။
Australia’s Privacy Watchdog အဖွဲ့က Bunnings နှင့် Kmart ကဲ့သို့ လက်လီလုပ်ငန်းများကို ဈေးဝယ်သူမျက်နှာများအား မှတ်သားထားခြင်းရှိမရှိ ကိစ္စအား စုံစမ်းလျက်ရှိသည်။
ဈေးဝယ်စင်တာများတွင် အရောင်းပစ္စည်းများကို အုပ်စုဖွဲ့၍ ခိုးယူခြင်း၊ ငွေရှင်းကောင်တာများကို လက်တွန်းလှည်းများဖြင့် အဆင့်ဆင့် စနစ်တကျ ဖြတ်ကျော်ခြင်း၊ အိတ်များထဲတွင် ဖုံး၍ သယ်ခြင်း၊ ငွေရှင်းပြေစာ အဟောင်းများဖြင့် ဝိရောဒိဖြစ်စေရန်လုပ်ခြင်း စသည့် ခိုးနည်းပုံစံအသစ်များစွာဖြင့် ကျူးလွန်နေကြသည်ဟု Coles supermarket မှ ပြောရေးဆိုခွင့်ရှိသူ တဦးက ပြောကြားခဲ့သည်။
ဩစတေးလျတွင် ပစ္စည်းခိုးယူလျှင် အကြီးဆုံး ပြစ်ဒဏ်မှာ ထောင်ဒဏ် ၅ နှစ်ဖြစ်သည်။ သို့သော်လည်း ဒေသတွင်း တရားရုံးများက ကြားနာမှုများပြုလုပ်သည့်အခါ ခိုးယူသည့် ပစ္စည်း၏ တန်ဖိုးအပေါ်တွင်သာ တွက်ချက်၍ ပြစ်ဒဏ်များကို ချမှတ်နေခြင်းကြောင့် ပြစ်ဒဏ်များမှ အကန့်အသတ်ဖြင့်သာ ရှိနေပြီး အဆိုပါအမှုမျိုး၌ (ခိုးရာပါ ဈေးဝယ်ပစ္စည်းတန်ဖိုးပေါ်မူတည်၍) အမြင့်ဆုံးမှာ ဒဏ်ကြေး ဩစတေးလျ ဒေါ်လာ ၅,၀၀၀ ကျော်ခန့် ရှိနိုင်သည်။
ဩစတေးလျတွင် လက်လီလုပ်ငန်းများမှ ကုန်များ အခိုးခံရ၍ ၁ နှစ်လျှင် ဩစတေးလျဒေါ်လာ ၉ ဘီလျံခန့် ဆုံးရှုံးမှုများ ဖြစ်ပေါ်နေသည်ဟု သိရသည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: ABC Australia/Business, Essential Retail AU, mondaq, Migration WA Gov AU
Image: DALLAS KILPONEN
Copyright: PPR