0

US ၏ ရှင်းကျန့် မူဝါဒကြောင့် ဗီယက်နမ် ပို့ကုန် လုပ်ငန်းအချို့ ထိခိုက်ဖွယ်ရှိ

Share

တရုတ်သည် ရှင်းကျန့်ပြည်နယ်တွင် ဝီဂါ မူစလင်လူမျိုးများကို အတင်းအကြပ် လုပ်အားစေခိုင်းခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ပြုလုပ်ခြင်းကြောင့် ရှင်းကျန့်ပြည်နယ်မှ ထွက်သည့် ကုန်ကြမ်းများကို အသုံးပြုထားသည့် မည်သည့် ပစ္စည်းမဆို အမေရိကန်သို့ တင်ပို့ခွင့် ပိတ်ပင်ထားသည်။

ဗီယက်နမ်ရှိ အချို့သော အထည်အလိပ်စက်ရုံများနှင့် ဆိုလာပြားထုတ်လုပ်ရေး လုပ်ငန်းများသည် အဆိုပါရှင်းကျန့်ပြည်နယ်မှ ကုန်ကြမ်းများဖြင့် လုပ်ကိုင်ထားသည်ဟု သတင်းအချက်အလက်အချို့ ထွက်ပေါ်နေသဖြင့် အမေရိကန်၏ မူဝါဒနှင့် ကိုက်ညီခြင်းရှိမရှိဆိုသည်ကို ဗီယက်နမ်ပို့ကုန်လုပ်ငန်းရှင်များက စိုးရိမ်လျက်ရှိကြသည်။

မကြာမီက အမေရိကန် ကုန်သွယ်ရေး တာဝန်ခံ ကတ်သရင်းတိုင်းသည် ဗီယက်နမ်သို့ လာရောက်ခဲ့ပြီး အဆိုပါ ကိစ္စနှင့် ပတ်သတ်၍ ပြောကြားခြင်းများ ရှိခဲ့ကြောင်း သတင်းရင်းမြစ်များက ဆိုသော်လည်း ဟနွိုင်းရှိ အမေရိကန်သံရုံးကမူ လက်ရှိအချိန်အထိ အဆိုပါ ကိစ္စနှင့် ပတ်သတ်၍ တရားဝင် စာထုတ်ပြန်ခြင်း မရှိသေးပါ။

အမေရိကန်သည် ရှင်းကျန့် လုပ်အားခေါင်းပုံဖြတ်မှု အက်ဥပဒေကို ယမန်နှစ်က ဇွန်လက စတင်ပြဋ္ဌာန်းခဲ့ပြီး ထိုအချိန်မှစ၍ ကုန်ပစ္စည်းတင်သွင်းမှုပေါင်း ၁၅၀၀ ကျော်ကို ယင်းဥပဒေနှင့် ညိစွန်းနေသဖြင့် တင်သွင်းခွင့်ပိတ်ပင်ခဲ့ပြီး တန်ကြေးအားဖြင် ဒေါ်လာ သန်း ၅၀၀ ခန့်ရှိသည်။

အထူးသဖြင့် အမေရိကန်သည် ဗီယက်နမ်၏ အဓိက ပို့ကုန်ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး လျှပ်စစ်ပစ္စည်းအသုံးအဆောင်၊ အဝတ်အထည်နှင့် ဖိနပ်တို့ အများဆုံး တင်ပို့ရကာ ယမန်နှစ်က အမေရိကန်သို့ ကုန်သွယ်မှု ပိုလျှံငွေ ဒေါ်လာ ၁၁၆ ဘီလီယံ ရရှိသည်အထိ ပစ္စည်းများ တင်ပို့နိုင်ခဲ့သည်။

ယခု ရှင်းကျန့်မူဝါဒအရ အဓိက ပြဿနာရှိလာနိုင်သည်မှာ ဆိုလာပြားထုတ်လုပ်ရေး လုပ်ငန်းများဖြစ်ပြီး ဆိုလာပြားထုတ်လုပ်ရာတွင် လိုအပ်သည့် ပိုလီဆီလီကွန် ကုန်ကြမ်းမှာ ရှင်းကျန့်မှ အဓိက တင်သွင်းနေရခြင်းဖြစ်သည်။

ဗီယက်နမ်၏ ဆိုလာပြားထုတ်လုပ်မှု အကြီးဆုံးကုမ္ပဏီ First Solar ၏ မန်နေးဂျင်းဒါရိုက်တာက သူတို့အနေဖြင့် ပိုလီဆီလီကွန် အသုံးပြု၍ ထုတ်လုပ်ခြင်း မရှိသော်လည်း သူတို့၏ ပြိုင်ဘက်ကုမ္ပဏီအချို့သည် ပိုလီဆီလီကွန် အသုံးပြုလျက်ရှိကြောင်း ပြောကြားခဲ့ပြီး အကယ်၍ ရှင်းကျန့်မှ ဆီလီကွန်များဖြစ်ပါက အမေရိကန်၏ မူဝါဒနှင့် ကျိန်းသေ ညိစွန်းနေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လက်ရှိအချိန်အထိ ဗီယက်နမ်၏ ဆိုလာပြားများတွင် ရှင်းကျန့်မှ ဆီလီကွန်များ အသုံးပြုထားကြောင်း အထောက်အထား အတိအကျ မထွက်ရှိသေးသလို အသုံးမပြုထားကြောင်း ခိုင်မာသည့် သက်သေလည်း မရှိသေးပါ။

ဗီယက်နမ်အစိုးရအနေဖြင့်လည်း လက်ရှိဖြစ်ရပ်အပေါ် ရေငုံနှုတ်ပိတ်နေပြီး အမေရိကန် ကုန်သွယ်ရေးတာဝန်ခံ ခရီးစဉ်အတွင်း ကျင်းပခဲ့သည့် တံခါးပိတ်အစည်းအဝေးများတွင်မူ ဗီယက်နမ်သည် အမေရိကန် ကုန်သွယ်ရေး မူဝါဒအရ အရေးယူကန့်သတ်ခံရရန် နာမည်ထွက်နေသည့် ထပ်ဆုံးစာရင်းတွင်ပါဝင်နေသည်ဟု အမည်မဖော်လိုသည့် အစိုးရတာဝန်ရှိသူတစ်ဦးက ဆိုသည်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: Reuters
Photo: Vietnam Plus

%d bloggers like this: