နိုင်ငံတွင်း စက်သုံးဆီ မလောက်ငမှုကြောင့် ဆီထည့်ရန်စောင့်ဆိုင်းနေသော ကားတန်းကြီးကို မြို့တော် ကရာကတ်စ်မှာ တွေ့ရစဉ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဗင်နီဇွဲလားနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေ ပိုမိုတင်းကြပ်လိုက်ချိန်မှာ နိုင်ငံတွင်းက ရေနံချက်စက်ရုံတွေမှာ လိုအပ်တဲ့ ဓါတုပစ္စည်းတွေနဲ့ စက်မှုပစ္စည်းတွေ ပြတ်လပ်ကုန်တဲ့အတွက် နိုင်ငံတွင်း သုံးဖို့တောင် စက်သုံးဆီကို လုံလုံလောက်လောက် မထုတ်နိုင်တော့ပါဘူး။ ပြီးခဲ့တဲ့ ဧပြီလ ၁၁လောက်တည်းက ဗင်နီဇွဲလား နိုင်ငံရဲ့ မြို့တော် ကရာကတ်စ်မှာ ဓါတ်ဆီဖြည့်ဖို့ တန်းစီစောင့်ဆိုင်းနေတဲ့ ကားတန်းကြီးတွေရဲ့ ဓါတ်ပုံတွေ ပျံ့နှံ့လာပြီးတဲ့နောက် နိုင်ငံတွင်း စက်သုံးဆီထုတ်လုပ်နိုင်မှု အခြေအနေ အရမ်းဆိုးဝါးနေပြီလို့ မီဒီယာတော်တော်များများက ထောက်ပြကြပါတယ်။ ဒါပေမဲ့ ကြာသပတေးနေ့ (၂၃-၀၄-၂၀၂၀) တုန်းကတော့ အီရန်လေကြောင်းလိုင်း Mahan Air ဟာ ဗင်နီဇွဲလားနိုင်ငံ တောင်ပိုင်းကို ဆင်းသက်ခဲ့ပြီး အီရန်လူမျိူး ရေနံကျွမ်းကျင်ပညာရှင် ၂ဦးနဲ့ ဓါတုဗေဒပစ္စည်းတွေကို လာရောက်ပို့ဆောင်ပေးခဲ့တယ်လို့ အေပီသတင်းဌာနက အတည်ပြုနိုင်ခဲ့ပါတယ်။ အေပီသတင်းဌာနက ထပ်မံစုံစမ်းထားတဲ့ သတင်းတွေအရ နောက်ထပ် အီရန်ကနေ လေကြောင်း ခရီးစဉ် ၁၀ခုထပ်မနည်း လာဖို့ရှိတယ်လို့လည်း သိရပါတယ်။
အေပီသတင်းဌာန အနေနဲ့ ဗင်နီဇွဲလား ပြန်ကြားရေးဝန်ကြီးဌာနကို အီးမေးပေးပို့ပြီး မှတ်ချက်တစ်စုံတစ်ရာပေးဖို့ တောင်းဆိုခဲ့ပေမဲ့ ဝန်ကြီးဌာနဘက်က ဘာပြန်ကြားချက်မှ မလာခဲ့ပါဘူး။ ဒါပေမဲ့ အီရန်လေယဉ်ဆင်းသက်ခဲ့တဲ့ ဖယ်လ်ကွန်ပြည်နယ်ထဲက လေဆိပ်ဟာ သူ့နားမှာ ဗင်နီဇွဲလားရဲ့ အကြီးဆုံးရေနံချက်စက်ရုံကြီးရှိနေသလို ခုလို ကပ်ရောဂါကြောင့် လေကြောင်းခရီးစဉ်တွေ တင်းကြပ်ထားချိန်မှာ အီရန်လိုနေရာက လေယဉ်ဆိုက်ကပ်လာတာဟာ ရေနံချက်စက်ရုံတွေပြန်လည်ပတ်ဖို့က လွဲရင် တခြားဘာမှ မရှိနိုင်တော့ပါဘူးလို့ အေပီသတင်းဌာနက တစ်ထစ်ချ မှတ်ချက်ပြုသွားပါတယ်။
ဗင်နီဇွဲလား နိုင်ငံဟာ ပြီးခဲ့တဲ့ ၂၀၁၈မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအပြီး အတိုက်ခံပါတီခေါင်းဆောင် ဟွမ်ဂွိုက်ဒိုက အနိုင်ရရှိခဲ့ပေမဲ့ အာဏာရ ဆိုရှယ်လစ်ပါတီသမ္မတ နီကိုလတ်မာဒူရိုက သမ္မတရာထူးလွှဲပြောင်းပေးဖို့ ငြင်းပယ်ခဲ့ပါတယ်။ ဒီရွေးကောက်ပွဲရလဒ်ကို ကမ္ဘာ့အင်အားကြီး နိုင်ငံပေါင်း ၆၀လောက်က အသိအမှတ်ပြုခဲ့ပြီး ဟွမ်ဂွိုက်ဒိုကို အာဏာပြန်လွှဲပေးဖို့ လက်ရှိသမ္မတ မာဒူရိုကို ဖိအားပေးခဲ့ကြပါတယ်။ ဒါပေမဲ့ အခြေအနေမထူးခြားတာကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ မာဒူရိုအစိုးရကို ထိထိရောက်ရောက်ဖိအားပေးနိုင်ဖို့အတွက် အရေးယူပိတ်ဆို့မှုတွေကို ပြင်းပြင်းထန်ထန် လုပ်ခဲ့တာပါ။
တကယ်တော့ ထရမ့်ဟာ အခု ဗင်နီဇွဲလားကို ဆင်းသက်သွားတဲ့ Mahan Air လေကြောင်းလိုင်းကိုလဲ အီရတ်၊ ဆီရီးယားမှာရှိတဲ့ အမေရိကန်တပ်တွေကို တိုက်ခိုက်ဖို့ အကြမ်းဖက်သမားတွေ သယ်ယူပေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ black list သွင်းထားပြီးသားဖြစ်ပါတယ်။ နောက်ပြီး အီရန်ကိုလည်း အရေးယူပိတ်ဆို့မှုတွေ လုပ်ထားတဲ့အတွက် အီရန်ဟာ အရင်လို အမေရိကန်နိုင်ငံက တင်သွင်းနေတဲ့ ရေနံချက်ဖို့လိုအပ်တဲ့ ဓါတုဗေဒပစ္စည်းတွေ၊ ရေနံတူးစင်တွေအတွက်လိုအပ်တဲ့ စက်အပိုပစ္စည်းတွေ ပြတ်လပ်နေတာ ကြာပါပြီ။ ဒါကြောင့် အေပီသတင်းဌာနက စုံစမ်းခဲ့ရာမှာ အီရန်နိုင်ငံဟာ တရုတ်နိုင်ငံကို ပြီးခဲ့တဲ့ ကပ်ရောဂါကာလအတွင်းမှာ လေကြောင်းခရီးစဉ်တွေ တော်တော်များများ ပြေးဆွဲခဲ့တာကို တွေ့ရှိခဲ့ပါတယ်။ တကယ်ဆို အဲဒီအချိန်တွေတုန်းက တရုတ်နိုင်ငံထဲမှာ ကပ်ရောဂါကာကွယ်ရေအနေနဲ့ လေကြောင်းခရီးစဉ်တွေ အကုန်ဖျက်သိမ်းထားတဲ့အချိန်ပါ။ ဒါကြောင့် အီရန်ဟာ သူ့စွမ်းအင် ကဏ္ဍအတွက်လိုအပ်တဲ့ ပစ္စည်းတွေကို တရုတ်နိုင်ငံကတဆင့်ရရှိနေပြီး ခုသူကတဆင့် ဗင်နီဇွဲလားကို ပြန်ကူညီနေတာလို့ အေပီသတင်းဌာနက တင်ပြသွားပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: AP
Photo: AP