သီရိလင်္ကာ ရေနက်ဆိပ်ကမ်းအတွက် ကန်ဒေါ်လာ သန်း၅၅၀ ထောက်ပံ့မည့် US

Share

သီရိင်္လကာတွင် တရုတ်၏ လွှမ်းမိုးမှုများကို တန်ပြန်ရန်အတွက် ကိုလံဘိုအနီးတွင် တည်ဆောက်မည့် ကွန်တိန်နာရေနက်ဆိပ်ကမ်း ပရော့ဂျက်ကို အမေရိကန်အစိုးရက ဒေါ်လာ သန်း၅၅၀ ထောက်ပံ့မည်ဖြစ်ကြောင်း သိရသည်။

Colombo West International Terminal ဟုအမည်ပေးထားသည့် အဆိုပါ ကွန်တိန်ဆိပ်ကမ်းသည် အရှည်အားဖြင့် ၁.၄ ကီလိုမီတာရှိမည်ဖြစ်ပြီး ရေစူးအနက်မှာ မီတာ၂၀ ရှိမည်ဖြစ်ကာ ၁နှစ်လျှင် ကွန်တိန်နာ အလုံးရေ ၃.၂သန်းကို စီမံနိုင်ရန် ရည်ရွယ်ထားသည်။

သီရိင်္လကာနိုင်ငံ ပထဝီဝင်အနေအထားသည် အရှေ့အလယ်ပိုင်းဒေသနှင့် အရှေ့အာရှကို ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေလမ်းကြောင်း၏ ကပ်ရက်တွင်တည်ရှိနေခြင်းဖြစ်ပြီး ကုန်သွယ်ရေး အချက်အခြာနေရာတခုဖြစ်လာရန် အလားအလာကောင်ရသည့်နေရာဖြစ်သည်။

အဆိုပါ ပရော့ဂျက်ကို အိန္ဒိယကုမ္ပဏီဖြစ်သော Adani လုပ်ငန်းစုက ဦးစီးတည်ဆောက်မည်ဖြစ်ပြီး ပရော့ဂျက်တခုလုံး၏ ခန့်မှန်းကုန်ကျစရိတ်မှာ ဒေါ်လာသန်း ၇၀၀ခန့်ရှိမည်ဟု သိရသည်။

၎င်းဆိပ်ကမ်းနှင့် ကပ်ရက်တွင် တရုတ်ထောက်ပံ့မှုဖြင့်လည်ပတ်နေသည့် ဆိပ်ကမ်းတည်ရှိပြီး အမေရိကန်အစိုးရ၏ နိုင်ငံတကာဖွံဖြိုးမှုဘဏ္ဍာရေးကော်မရှင်က ယခုပရော့ဂျက်အတွက် ဒေါ်လာသန်း ၅၅၀ ချေးငွေထောက်ပံ့ပေးမည်ဖြစ်ကြောင်း အတည်ပြုခဲ့ခြင်းဖြစ်သည်။

သီရိင်္လကာအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးရေလမ်းကြောင်းကြီး၏ ဘေးနားတွင် တည်ရှိနေပြီး ကွန်တိန်နာသင်္ဘောတဝက်ခန့်မှာ အဆိုလမ်းကြောင်းကို အသုံးပြုနေသည့်အတွက် ကိုလံဘိုမြို့ကို နောက်ထပ် ကုန်သွယ်ရေး အချက်အခြာနေရာ တခုဖြစ်လာစေရန် ယခု ပရော့ဂျက်က ကူညီနိုင်မည်ဟု ယုံကြည်ကြောင်း ကော်မရှင်အကြီးအကဲ စကော့နေသန်က ပြောကြားခဲ့သည်။

US ၏ အဆိုပါ နိုင်ငံတကာဖွံ့ဖြိုးမှု ဘဏ္ဍာရေးကော်မရှင်သည် လွန်ခဲ့သည့် ငါးနှစ်က စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး တရုတ်၏ စီးပွါးရေးပတ်လမ်းကြောင်း Belt and Road Initiative စီမံကိန်းကို တန်ပြန်ရန်အတွက်ဖြစ်သည်။

တရုတ်သည် အဆိုပါစီမံကိန်းအတွက် ဖွံ့ဖြိုးဆဲနိုင်ငံများကို ငွေကြေးများစွာထုတ်ချေးကာ ပရော့ဂျက်များ တည်ဆောက်စေခဲ့သော်လည်း ၎င်းပရော့ဂျက်များမှဝင်ငွေထင်သလောက်မရသောအခါ နိုင်ငံအများစုသည် တရုတ်၏ ကြွေးမြီထောက်ချောက်အတွင်း သက်ဆင်းသွားခဲ့ရသည်။

သီရိင်္လကာသည်လည်း အထက်ပါအတိုင်း ကြုံတွေ့ခဲ့ရပြီး ဟန်ဘန်တိုတာ (Hambantota) ရှိ ဆိပ်ကမ်းပရော့ဂျက်သည် သတ်မှတ်ကာလတွင် တရုတ်သို့ ကြွေးမြီများပြန်မဆပ်နိုင်သည့်အတွက် တရုတ်ကုမ္ပဏီသို့ ၉၉နှစ် အငှါးစာချုပ်ဖြင့် လုပ်ကိုင်ခွင့်ထိုးအပ်ခဲ့ရသည်။

ကူးယူဖော်ပြခွင့်မပြုပါ။

Source: Aljazeera, AP

Photo: Aljazeera

%d bloggers like this: