ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကာလတလျှောက်လုံး စီးပွားရေးအခြေအနေများ အကျဘက်ရောက်နေခဲ့သော်လည်း အမေရိကန်ပြည်ထောင်စုရှိ လုပ်ငန်းများကို ပထမအဆင့် ပြန်လည် လည်ပတ်ခွင့်ပေးပြီးနောက် လစာပေးရသည့် အရေအတွက်ပမာဏ ၄.၈ သန်းသို့ရောက်ရှိခဲ့ကြောင်း အမေရိကန်အလုပ်သမားရေးရာဌာနက ထုတ်ပြန်ခဲ့သည်။
ယခုကဲသို့ အလုပ်အကိုင်များ ပြန်လည်များပြားလာခြင်းမှာ စက်ရုံများနှင့် စားသောက်ဆိုင်များကို ပြန်လည် လုပ်ကိုင်ခွင့်ပေးပြီးနောက်တွင်ဖြစ်ပြီး စံချိန်တင် အလုပ်အကိုင်ပြန်လည်တိုးတက်မှုအဖြစ် ၁၉၃၉ ခုနောက်ပိုင်း အမြင့်ဆုံးအခြေအနေဖြစ်ခဲ့သည်ဟု အလုပ်သမားဌာန စာရင်းအချက်အလက်များအရ သိရသည်။
မေလတွင် အလုပ်အကိုင်ပြန်လည်တိုးတက်လာမှုများ ရှိလာခဲ့ပြီးနောက် ဆက်တိုက်ဆိုသလို အလုပ်အကိုင် ၂.၅ သန်း တိုးတက်ခဲ့သေးသည်။
သို့သော်လည်း မကြာသေးမီကာလအတွင်း ကိုရိုနာကူးစက်မှု မြင့်တက်ခဲ့သည်များ ရှိခဲ့ပြီး ဒုတိယအဆင့် ဖြေလျှော့မှု မစတင်မီ ၁ ရက်တည်း ကူးစက်မှု အသစ် ၄၅၀၀၀ ပမာဏရှိခဲ့သည့် ရက်များလည်းရှိခဲ့ရာ စိုးရိမ်မှုများလည်း တိုးပွားလျက်ရှိသည်။
ဇွန်လအတွင်း အလုပ်အကိုင်အရေအတွက်တိုးတက်မှုသည် ဇွန်လမတိုင်မီက စီးပွားရေးပညာရှင်များ ခန့်မှန်းထားသည်ထက် ၂ သန်းနီးပါးမျှ ပိုမိုနေသေးသည်။
ဇွန်လ ၂၇ ရက်နေ့က အလုပ်အကိုင်အရေအတွက် ၁.၄၃ သန်းခန့် ဆုံးရှုံးမှုရှိခဲ့သည်ဟု အမေရိကန် အလုပ်သမားရေးရာဌာနက ထုတ်ပြန်ခဲ့သော်လည်း အောက်စဖို့ဒ် တက္ကသိုလ် ဘောဂဗေဒ ဌာနက ဤဖြစ်စဉ်ကို စိတ်ပူစရာ အသေးအဖွဲအတိမ်းအစောင်းဟုသာ ခေါ်ဆိုခဲ့သည်။
လူဦးထူထပ်သော ပြည်နယ်များဖြစ်သည့် ကယ်လီဖိုးနီးယား၊ ဖလော်ရီဒါ နှင့် တက်ဆက်ရှိ ကုမ္ပဏီများအနေဖြင့် ကိုရိုနာကူးစက်မှု ရုတ်တရက်မြင့်တက်မည်စိုးသောကြောင့် လုပ်ငန်းများ ပြန်လည် ဖွင့်လှစ်မည့်ရက်ကို နောက်ဆုတ်ထားသည်ဖြစ်ရာ ထိုကုမ္ပဏီများသာ ပြန်လည် လည်ပတ်ပါက အလုပ်အကိုင်အရေအတွက် ထပ်မံတိုးတက်လာဦးမည်ဖြစ်သည်။
အမေရိကန်ပြည်ထောင်စု ဗဟိုဘဏ်ဥက္ကဌ ဂျရုန်း ပိုဝဲလ် (Jerome Powell) က အလုပ်အကိုင်အရေအတွက်များ ပြန်လည်တိုးတက်လာခြင်းသည် အရေးပါသော အခြေအနေအဖြစ် သတ်မှတ်ရမည်ဖြစ်ကြောင်း ယခုအပတ်တွင် ပြောကြားခဲ့ပြီး ဆက်လက်တိုးတက်ရန်မှာ ဗိုင်းရပ်စ် နှင့် ပါတ်သက်၍ မည်မျှ ထိန်းချုပ်နိုင်မည်က အခရာဖြစ်နေသည်ဟု ဆိုသည်။
၂ လ ဆက်တိုက် အလုပ်အကိုင်များ ပြန်လည်တိုးတက်နေသော်လည်း အမေရိကန်ပြည်ထောင်စုတွင် ကိုဗစ်မတိုင်မီ အခြေအနေကရှိခဲ့သည့် အလုပ်အကိုင်အရေအတွက်ထက် ၁၅ သန်းမျှ လျော့နည်းနေဆဲဖြစ်ပြီး အလုပ်လက်မဲ့နှုန်းသည် ၁၁% ခန့် ရှိနေဆဲဖြစ်သည်။
အားလပ်ရက်အပန်းဖြေမှုများနှင့် ဟိုတယ်လုပ်ငန်းများနယ်ပယ်တွင် အလုပ်အကိုင်နေရာပေါင်း ၂ သန်းခန့် ဖန်တီးပေးနိုင်ခဲ့ပြီး လက်လီလုပ်ငန်းများတွင် အလုပ်အကိုင် ၇၄၀၀၀၀ ဖန်တီးထားနိုင်ခဲ့သည်ဟု အမေရိကန် အလုပ်သမားရေးရာဌာနက ထုတ်ပြန်ထားသည်။
ပုံမှန် ဆေးကုသမှုများ နှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများက အလုပ်အကိုင် ၅၆၈၀၀၀ ကို ဖန်တီးပေးခဲ့ပြီး ပြန်လည်ဖွင့်လှစ်နေသည့် စက်ရုံများတွင် အလုပ်အကိုင် ၃၅၆၀၀၀ ခန့် ပြန်လည် ဖန်တီးထားနိုင်ခဲ့ပြီး အများစုအရေအတွက်ဖြစ်သည့် ၁၉၅၀၀၀ သည် ကားထုတ်လုပ်ရေးလုပ်ငန်းများမှဖြစ်သည်။
ရိုက်တာသတင်းဌာနမှ ထုတ်ပြန်ချက်တွင် Goldman Sachs ရှိ ဈေးကွက်သုံးသပ်သူများက အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ်များတွင် ထက်ဝက်ခန့်သောလုပ်ငန်းများသည် ပြန်လည်ဖွင့်လှစ်ရန် အစီအစဉ်များကို နောက်ဆုတ်ခြင်း သို့မဟုတ် ရပ်ဆိုင်းထားခြင်းများ ရှိနေပြီး အချို့သော စားသောက်ဆိုင်များ၊ ဘားများတွင်လည်း လူစုဝေးမှုအရေအတွက်ကို လျှော့ချထားမှုများရှိနေသည်ဟု ခန့်မှန်းထားသည်ကို ဖေါ်ပြထားသည်။
သတိပေးထုတ်ပြန်ချက်များနှင့် စိုးရိမ်ပူပန်မှုများရှိနေသော်လည်း Wall Street ရှိ စတော့ဈေးကွက်တွင် ရှယ်ယာတန်ဖိုးမြင့်တက်နေမှုများရှိနေပြီး အခြား Nasdaq Index တွင်လည်း ၁% ကျော် ခုန်တက်ခဲ့ပြီး စံချိန်တင် Points 10268.7 သို့ ရောက်ရှိထားသည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: BBC Business, Washington Post, CNBC News
Image: Getty Images