ဒီလအစပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ရုရှား-ဆော်ဒီ ရေနံဈေးနှုန်းစစ်ပွဲရယ်၊ ခုလက်ရှိ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှု အမေရိကန်နဲ့ ကနေဒါနိုင်ငံအတွင်း ပြင်းထန်နေတာရယ်ကြောင့် ရေနံကုမ္ပဏီတွေဟာ ဘဏ္ဍာရေးအခက်အခဲတွေနဲ့ ကြုံနေရပြီး တချိ့ကုမ္ပဏီတွေဆို အကြွေးလည်ပင်းနစ်နေလို့ ဒေဝါလီခံရလုနီးနီးဖြစ်နေပါပြီ။ ငွေကြေးအင်အားတောင့်တင်းတဲ့ ကုမ္ပဏီကြီးတွေကတော့ တောင့်ခံနိုင်သေးပေမဲ့ ခုခါမှာ ဈေးကွက်ဝယ်လိုအားလဲ အရမ်းကျနေတော့ ရေနံလုပ်ကွက်တချို့ကို ရပ်နားထားမယ်လို့ သတင်းထွက်ပေါ်လာတာပါ။
အရင်တုန်းက တင်ပြခဲ့သလိုပဲ အမေရိကန်နိုင်ငံဟာ ယှေလကျောက်(နှုန်းကျောက်) မှာအောင်းနေတဲ့ ရေနံကို ထုတ်ယူနည်းသိသွားပြီးနောက် ၂၀၁၁ ကစလို့ ရေနံကုမ္ပဏီတွေ အမြောက်အများပေါ်လာခဲ့တာပါ။ ဒါပေမဲ့ အများစုက အကြွေးတွေနဲ့ လည်ပတ်နေတာဖြစ်လို့ ရေနံဈေးကျတဲ့အချိန်လည်းရောက်ရော ဆက်တောင့်မခံနိုင်တော့ဘဲ ပြိုလဲသွားတဲ့ ကုမ္ပဏီတွေ ရှိခဲ့ပါတယ်။ ကုမ္ပဏီကြီးတွေကတော့ အမေရိကန်အစိုးရိကို ဝိုင်းဝန်းဖိအားပေးနေကြပြီး ဘဏ္ဍာရေး အကူအညီပေးတာပဲဖြစ်ဖြစ်၊ ဆော်ဒီတို့ ရုရှားတို့ကို ဖိအားပေးတာပဲဖြစ်ဖြစ်လုပ်ပေးဖို့ ဝိုင်းတောင်းဆိုနေကြတာပါ။
ခုဆိုရင် အမေရိကန်ရဲ့ အကြီးဆုံး ရေနံကုမ္ပဏီတွေထဲကတစ်ခုဖြစ်တဲ့ Chevron ဟာဆိုရင် တက္ကဆက်ပြည်နယ်အနောက်ပိုင်းကနေ နယူးမက္ကဆီကို အရှေ့တောင်ပိုင်းထိ ဖြန့်ကျက်နေတဲ့ သူတို့ရဲ့ ပါမီယန် ရေနံလုပ်ကွက်ကြီးကနေ ပုံမှန်ထုတ်နေကြထက် ထက်ဝက်လျှော့ချပစ်မဲ့အကြောင်း ကြေငြာခဲ့ပါတယ်။ သူတို့ထက်ဝက်လျှောချမဲ့ ပမာဏဟာ ရေနံစည် ၁၂၅၀၀၀ လောက်ရှိတယ်လို့ဆိုပါတယ်။ အလားတူပဲ ကနေဒါနိုင်ငံရဲ့ အကြီးဆုံးရေနံကုမ္ပဏီဖြစ်တဲ့ Suncor Energy ကလည်း သူတို့နေ့စဉ်ထုတ်လုပ်နေကြ ပမာဏကနေ ရေနံစည် ၁၉၄၀၀၀ လောက်လျှော့ပစ်မယ်လို့ ကြေငြာသွားပါတယ်။ ဒါ့အပြင် ဒီလိုမျိုးရေနံဈေးကျလို့ ထိခိုက်တာ ရေနံထုတ်တဲ့ ကုမ္ပဏီတွေတင်မကပါဘူး။ ရေနံနဲ့ သဘာဝဓါတ်ငွေ့ ရှာဖွေတူးဖော်ရေးမှာ အကြီးဆုံးဖြစ်တဲ့ Schlumberger ကုမ္ပဏီဟာလည်း သူတို့ရဲ့ ဘတ်ဂျက် ၃၀ရာခိုင်နှုန်းကို လျော့ချဖို့ ဆုံးဖြတ်ခဲ့သလို ဝန်ထမ်းတွေ လစာလျော့မဲ့ အစီအစဉ်ပါရှိကြောင်း သတင်းတွေကဖော်ပြခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့ အပတ် သတင်းစာရှင်းလင်းပွဲမှာ သူဟာ သင့်တော်တဲ့အချိန်ရောက်ရင် ဒီ ရုရှားနဲ့ ဆော်ဒီ ရေနံဈေးနှုန်းစစ်ပွဲကို ဝင်ရောက်ကြားဝင် ဟန့်တားပေးမယ်လို့ ပြောသွားပါတယ်။ အိမ်ဖြူတော်က ထွက်လာတဲ့သတင်းတွေအရ အမေရိကန်ဟာ သူ့ရဲ့ မဟာမိတ်ဖြစ်တဲ့ ဆော်ဒီကို သံတမန်နည်းအရ ဖိအားပေးမှာဖြစ်သလို ရုရှားကိုတော့ ပိုမိုတင်းကြပ်တဲ့ အရေးယူပိတ်ဆို့မှု လုပ်ပြီး ဒီရေနံဈေးနှုန်းပျက်ကပ်ကို ဝင်ထိန်းလောက်တယ်လို့ ထင်ကြေးပေးနေကြတာပါ။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: Newsweek
0