0

အသုံးစရိတ်များ မြင့်တက်လာမှုကြောင့် အမေရိကန်အစိုးရက ဒေါ်လာ ၃ ထရီလျံ ထပ်မံချေးယူမည်

Share

အမေရိကန် အစိုးရသည် ကိုရိုနာကပ်ဘေးကာလအတွင်း လုပ်ငန်းငယ်များအပါအဝင်၊ အခြား ကော်ပိုရေးရှင်းများ အတွက် ငွေကြေးအထောက်အပံ့များ ချပေးခြင်း၊ ကျန်းမာရေးနှင့် အခြား လူမှုရေးအသုံးစရိတ်များမြင့်တက်လာခြင်းကြောင့် နောက်ထပ် စံချိန်တင် ငွေချေးယူမှုအဖြစ် ကန်ဒေါ်လာ ၃ ထရီလျံ (ပေါင် ၂.၄ ထရီလျံ) ကို ချေးယူမည်ဖြစ်ကြောင်း သိရသည်။
ယခု ငွေချေးယူမှုသည် ၂၀၂၀ ခုနှစ် ဒုတိယ ၃ လပတ် တစ်ခုတည်းတွင်ဖြစ်ပြီး ပြီးခဲ့သည့် ၂၁၀၉ ခုနှစ် တစ်နှစ်လုံး ချေးငွေသည် ဒေါ်လာ ၁.၂၈ ထရီလျံသာ ရှိခဲ့သည်။
အမေရိကန်အစိုးရ၏ ချေးငွေ စုစုပေါင်းသည် ယခုအခါ ဒေါ်လာ ၂၅ ထရီလျံထိရှိလာပြီဖြစ်သည်။
ပြီးခဲ့သည့် ကူညီထောက်ပံ့ရေး ကိစ္စများအတွက် သုံးခဲ့သည့် စရိတ်မှာ နိုင်ငံ့စီးပွားရေး၏ ၁၄% ခန့်ဖြစ်ပြီး အစိုးရမှာ အခွန်ကိစ္စများနှင့်ပါတ်သက်၍လည်း အချိန်တိုးမြှင့်ပေးထားခဲ့သည်။
အမေရိကန်အစိုးရ ချေးငွေရယူခြင်းများသည် များသောအားဖြင့် အစိုးရ ငွေတိုက်စာချုပ်များ ရောင်းချခြင်းမှဖြစ်ပြီး အမေရိကန်အစိုးရ၏ အကြွေးများ အားလုံးသည် ပြည်တွင်း၌သာ ပေးဆပ်စရာရှိသည်ဟု ထင်မြင်ဖွယ်ရှိသည်။
သို့သော်လည်း အကြွေး ကန်ဒေါ်လာ ၅ ထရီလျံကျော်ကျော်သည် အာရှနိုင်ငံများထံမှ ချေးယူထားခြင်းဖြစ်သည်။
နိုင်ငံ့အကြွေး၏ ၂၀% ကျော်မှာ အာရှနိုင်ငံများထံ ငွေတိုက်စာချုပ်များ ရောင်းချထားခြင်းဖြစ်သည်။
အမေရိကန်အစိုးရလွှတ်တော်အသုံးစရိတ်တွက်ချက်ရေး ရုံးမှ ခန့်မှန်းထားချက်များအရ ယခုနှစ် အသုံးစရိတ်လိုငွေပြမှုမှာလည်း ကန်ဒေါ်လာ ၃.၇ ထရီလျံရောက်လာနိုင်ကြောင်း သိရသည်။
စီးပွားရေးလုပ်ငန်းများ ထိခိုက်မှုသက်သာစေရန်အလို့ငှာ Federal Reserve ဗဟိုဘဏ်ဘက်မှလည်း ငွေချေးစာချုပ်များဖြစ်သည့် Treasury Bonds များ စုစုပေါင်း ပမာဏ ၁ ထရီလျံခန့်ကို ပြီးခဲ့သည့် သီတင်းပတ်များအတွင်းက ဝယ်ယူခဲ့ပြီးဖြစ်သည်။
အမေရိကန်အစိုးရအပေါ် ကြွေးရယူရန်ရှိသည့် အာရှနိုင်ငံကြီးများမှာ ဂျပန်၊ တရုတ်နိုင်ငံတို့ဖြစ်ကြပြီး ဗြိတိန်မှာလည်း ဖေဖေါ်ဝါရီလခန့်မှစ၍ ထိပ်သီးမြီရှင် နိုင်ငံစာရင်းသို့ ပါဝင်လာခဲ့သည်။
ပြီးခဲ့သည့် ကာလများအတွင်း တင်းမာမှုများဖြစ်ပေါ်ခဲ့သည့် အခြေအနေအရပ်ရပ်ကြောင့် ကြွေးမြီကိစ္စရပ်များအပေါ် တရုတ်နိုင်ငံ၏ သဘောထားပြောင်းလဲမှုများဖြစ်ပေါ်လာနိုင်ပြီး ထရမ့်အစိုးရသည် တရုတ်ကို အကြွေးများပြန်ပေးရန် တာဝန်ရှိမှုအပေါ် ပိုမိုညှိနှိုင်းစရာများဖြစ်လာနေသည်။
ပရင်စီတန် တက္ကသိုလ်ရှိ စီးပွားရေး၊ ဘောဂဗေဒပါမောက္ခ အလန် ဘလင်ဒါ Alan Blinder က အမေရိကန်အနေဖြင့် ရင်းနှီးမြှုပ်နှံသူများထံမှ ငွေကြေး မည်မျှချေးနိုင်မည်ဆိုသည်ကသာ အဖြေဖြစ်လာမည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် အမေရိကန်အစိုးရ၏ အကြွေးများနှင့် ပက်သက်၍ စိတ်ကျေနပ်မှုရှိစေရန် လိုအပ်ကြောင်း၊ သို့သော်လည်း စည်းမျဉ်းများအရ မေးခွန်းထုတ်စရာဖြစ်နေကြောင်း ပြောကြားခဲ့သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics

Source: The Guardian, BBC Business, Science Edu

%d bloggers like this: