အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ ၂နိုင်ငံ သဘောတူညီချက်ပြန်လည် ရရှိသွားပြီးနောက်မှာ အမေရိကန်လေကြောင်းလိုင်းတွေဟာ တရုတ်နိုင်ငံကို ပြန်လည်ပြေးဆွဲတော့မှာ ဖြစ်ကြောင်း သိရပါတယ်။ အမေရိကန်ရဲ့ အကြီးဆုံးလေကြောင်းလိုင်းတွေဖြစ်တဲ့ American Airline, United Airline, Delta Airline တို့ဟာ ကပ်ရောဂါကြီးမဖြစ်ခင်က တရုတ်နိုင်ငံကို နေ့စဉ်နဲ့အမျှ လေကြောင်းခရီးစဉ်တွေ ပြေးဆွဲပေးခဲ့ပေမဲ့ ကပ်ရောဂါ အရမ်းဆိုးဝါးလာတဲ့ ဖေဖော်ဝါရီလမှာတော့ ခရီးသည် အရမ်းနည်းသွားခဲ့တဲ့ အတွက် ပြေးဆွဲခြင်းကို ရပ်နားခဲ့ပါတယ်။
ဒါပေမဲ့ တရုတ်လေကြောင်းလိုင်း ၄ခုကတော့ မရပ်နားခဲ့ဘဲ ၁ပတ်ကို ၁ခေါက်နှုန်းနဲ့ နှစ်နိုင်ငံအကြား ပုံမှန်ပြေးဆွဲပေးနေခဲ့တာပါ။ ပြီးခဲ့တဲ့ ဇွန်လ ၁ရက်နေ့ကတော့ အမေရိကန်လေကြောင်းလိုင်းတွေ ပြန်လည်ပြေးဆွဲဖို့ ပြင်ဆင်တာကို တရုတ်လေကြောင်းအာဏာပိုင်တွေက ခွင့်ပြုချက်မပေးရာကနေ နှစ်နိုင်ငံ တင်းမာမှုတွေ စတင်ခဲ့ပြီး အမေရိကန် ပို့ဆောင်ရေးဌာနက တရုတ်လေကြောင်းလိုင်းတွေကို ဇွန်လ ၁၆ရက်နေ့ကစပြီး ပြည်ဝင်ခွင့် ပိတ်မယ်လို့ ကြေငြာခဲ့ပါတယ်။
ဒါပေမဲ့ တနင်္လာနေ့မှာ အမေရိကန် ပို့ဆောင်ရေးဌာနက တရုတ်လေကြောင်း အာဏာပိုင်အဖွဲ့နဲ့ ဆွေးနွေးညှိုနှိူင်းတာ အဆင်ပြေသွားပြီဖြစ်တဲ့အတွက် ပြည်ဝင်ခွင့်ပိတ်တဲ့ ကြေငြာချက်ကို ပြန်ရုတ်သိမ်းကြောင်း သတင်းထုတ်ပြန်သွားပါတယ်။ ဘေဂျင်းရဲ့ အဆိုအရ တရုတ်လေကြောင်းလိုင်းတွေဟာ တစ်ပတ်ကို အသွားအပြန် ၄ကြောင်း ပြေးဆွဲပေးမှာ ဖြစ်ပြီး အမေရိကန်လေကြောင်းလိုင်းတွေကိုလည်း တရုတ်လိုင်းတွေအတိုင်း ပြန်ခွင့်ပြုပေးမှာလို့ သိရပါတယ်။
United Airline ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ နောက်တစ်ပတ် နှစ်ပတ်အတွင်းမှာ တရုတ်ဘက် ခရီးစဉ်တွေပြန်စတော့မှာပါလို့ ဖြေကြားခဲ့ပြီး American Airline ကတော့ အောက်တိုဘာရောက်မှသာ ဘေဂျင်းနဲ့ ရှန်ဟိုင်းကို ခရီးစဉ်တွေ ပြေးဆွဲမှာ ဖြစ်ပါတယ်။ Delta Airline ကတော့ မှတ်ချက်တစုံတရာပေးဖို့နဲ့ ပြန်လည်ဖြေကြားဖို့ကို ငြင်းဆန်ခဲ့ပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: CNN
Photo: Kelly Lacy/ Pexel