ဈေးကွက်လေ့လာရေး ကုမ္ပဏီ QIMA ရဲ့ အမေရိကန်လုပ်ငန်း အခု၂၀၀ကို ဆန္ဒသဘောထား ကောက်ခံမှုတွေအရ ၉၅ရာခိုင်နှုန်းသော အမေရိကန်ကုမ္ပဏီတွေဟာ အမေရိကန်-တရုတ်ကုန်သွယ်မှုစစ်ပွဲရယ်၊ ကိုရိုနာဗိုင်းရပ်ပြန့်ပွားမှုတွေရယ်၊ နောက်ဆုံး ဟွာဝေးနဲ့ဖြစ်တဲ့ ပြဿနာတွေရယ်ကြောင့် တရုတ်နိုင်ငံကနေ ထွက်ခွါပြီး တခြား supplier ရှာဖို့ စိတ်အားထက်သန်နေကြပါတယ်။
ဒါပေမဲ့ ကမ္ဘာ့နေရာတော်တော်များများမှာ ခုမှ ကိုဗစ်-၁၉ အရှိန်ကျသွားလို့ စီးပွားရေးတွေ ပြန်အားပြုနေတုန်း အချိန်ဖြစ်တာရယ်၊ တရုတ်လိုမျိုး လုပ်သားအင်အား သက်သက်သာသာနဲ့ ကောင်းမွန်တဲ့ အရည်အသွေးပေးနိုင်တာ၊ လိုချင်တာမှန်သမျှ နိုင်ငံတွင်းမှာ လွယ်လွယ်ရှာလို့ရနိုင်နေတဲ့ နိုင်ငံ များများစားစားမရှိတာတွေက အမေရိကန်လုပ်ငန်းစုတွေကို တရုတ်ကနေထွက်ပြီး နောက်တစ်နိုင်ငံပြောင်းတာဟာ မီးခလုပ် အဖွင့်အပိတ်လုပ်သလောက် မလွယ်ဘူးလို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။
ဒီလိုမျိုး အမေရိကန် ကုမ္ပဏီတွေ တရုတ်ကထွက်ပြီး တခြားဈေးသက်သာတာခြင်းတူတဲ့ နိုင်ငံတွေကို ရွှေ့မဲ့ ကိစ္စဟာ ခုမှ အသံထွက်နေတာတော့မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၂၀၁၈ ဂျူလိုင်မှာ တရုတ်အစိုးရကနေ အခွန်စည်းကြပ်မှု တိုးမြှင့်တဲ့ အချိန်တုန်းကလည်း ဒီလိုမျိုး အသံတွေ ကျယ်ကျယ်လောင်လောင်ထွက်ခဲ့ ဖူးပါသေးတယ်။ ခုချိန်မှာတော့ တရုတ်ဟာ ကပ်ရောဂါကနေ ပြန်ထပြီး စက်မှုလက်မှုတွေ အရှိန်ကောင်းကောင်းနဲ့ ပြန်လည်ပတ်နေပေမဲ့ တခြားနိုင်ငံတွေက စက်မှုလုပ်ငန်းတွေကတေ့ အားယူနေဆဲ အခြေအနေပါ။
ဟိုချီမင်းအခြေစိုက် CEL Consulting ရဲ့ မန်းနေးဂျင်းဒါရိုက်တာဖြစ်တဲ့ ဂျူလီယန်ဘန်းစ်ကတော့ ကုမ္ပဏီ အကြီးတွေဖြစ်တဲ့ Apple, Samsung, Nintendo တို့ဟာ တရုတ်ကနေ ဗီယက်နမ်ကိုပြောင်းဖို့ အစီအစဉ်ချမှတ်ပြီးသလောက် ဖြစ်နေပြီလို့ ဆိုပါတယ်။ ဗီယက်နမ် စက်မှုဇုံတွေဟာဆိုရင်လည်း ကပ်ရောဂါကနေ အားနဲက ပြန်ထဖို့ အားယူနေပြီဖြစ်လို့ တကယ်သာပြောင်းဖြစ်ခဲ့ရင်တော့ ဗီယက်နမ်အတွက် တိုးတက်ဖို့ လမ်းကြောင်းပွင့်သွားတာပါလို့ ထပ်လောင်းဖြည့်စွက်ပြောကြားခဲ့ပါသေးတယ်။
ဒါပေမဲ့ သူကတော့ ဒီလို ကုမ္ပဏီကြီးတွေအတွက်တော့ ပြောင်းရွှေ့ဖို့ စီမံတာ နိုင်နိုင်နင်းနင်းကိုင်တွယ်နိုင်ပေမဲ့ ကုမ္ပဏီအသေးတွေအတွက်ကတော့ စိန်ခေါ်မှုတွေ အများကြီးက အဆင့်သင့်စောင့်နေမှာပါတဲ့။ ပြောင်းရွှေ့တဲ့ ကုန်ကျစရိတ်တွေက ကြီးမြင့်တဲ့အပြင် အထိုင်ပြန်ကျအောင်လုပ်ဖို့တွေ၊ နောက် ကုန်ကြမ်းပစ္စည်းလွယ်လွယ်ကူကူရဖို့ လမ်းကြောင်းရှာရတာတွေဟာ သူတို့အတွက် မဟာစိန်ခေါ်မှုကြီးဖြစ်နေမှာလို့ သူကသတိပေးပါတယ်။
ရှန်ဟိုင်းမြို့မှာ ရှိတဲ့ အမေရိကန်ကုန်သည်ကြီးများအသင်းကတော့ သူတို့အသင်းဝင် ကုမ္ပဏီ ၇၅ရာခိုင်နှုန်းလောက်က ဒီလိုမျိူးနှစ်ဘက်တင်းမာပြီး အခွန်စည်းကြပ်နေတာဟာ သူတို့စီးပွားရေးတွေအပေါ် ကောင်းတဲ့သက်ရောက်မှု မဖြစ်စေဘူးလို့ စောဒကတက်ကြကြောင်းပြောပါတယ်။ ဒီထဲကမှ ၄၀ရာခိုင်နှုန်းကတော့ တရုတ်ကနေ ထွက်ခွါဖို့ကို ပြင်းပြင်းထန်ထန် စိတ်အားထက်သန်နေကြပြီး အခြေအနေတွေ ဆက်ဆိုးနေမယ်ဆိုရင်တော့ တကယ်ထွက်ခွါဖို့ ဆုံးဖြတ်ကြမှာပါ။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: South China Morning Post
Photo: Caixin Global