တပိုင်းလျှပ်ကူးပစ္စည်းများဖြစ်သည့် semicondcutors – ချစ်ပ်ပြား ထုတ်လုပ်ရေးကဏ္ဍတွင် အမေရိကန်ပြည်ထောင်စုအတွင်းရှိ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် ကန် အစိုးရက subsidy ခေါ် အစိုးရထောက်ပံ့ကြေးများကို ဒေါ်လာ ၅၂ ဘီလျံ အထိ ပံ့ပိုးပေးသွားမည့် ‘Chips and Science’ ဥပဒေနှင့် စည်းမျဉ်းများကို ယနေ့ သောကြာနေ့တွင် အပြီးသတ်ချမှတ်လိုက်သည်။
ချစ်ပ်ပြားထုတ်လုပ်ရေး၊ သုတေသနနှင့် လုပ်ငန်းခွင်လည်ပတ်နိုင်စွမ်းအား တိုးတက်ရေး စသည်တို့အတွက် ပံ့ပိုးပေးသွားရန် ရည်ရွယ်သည့် ယင်းဘတ်ဂျက်တွင် ကနဦး ထုတ်လုပ်ရေးများအတွက် ဒေါ်လာ ၃၉ ဘီလျံ စတင် ခွဲဝေပေးသွားမည်ဖြစ်သည်။
သို့သော်လည်း အဆိုပါ အစိုးရထောက်ပံ့ငွေများကို လျှောက်ထား လက်ခံနိုင်မည့် ကုမ္ပဏီများမှာ နိုင်ငံခြား ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းများနှင့် စပ်တူသော်လည်းကောင်း၊ လိုင်စင်ရယူရန်ကြိုးပမ်း၍ ဆက်စပ်နေလျှင်သော်လည်းကောင်း ရရှိခြင်း မရှိစေရန် စည်းမျဉ်းများရေးဆွဲထားသည်ဟု သိရသည်။
ကန်အစိုးရသည် ပြီးခဲ့သည့် ၂၀၂၂ ၊ အောက်တိုဘာလကတည်းက တရုတ် ချစ်ပ်ပြားထုတ်လုပ်ရေးလုပ်ငန်းများသည့် အမေရိကန်စက်ပစ္စည်းများကို အသုံးပြု၍ ချစ်ပ်ပြားများ ထုတ်လုပ်နိုင်ခြင်းမရှိစေရန် တင်ပို့ကုန်များကို တရုတ်အတွက် အဓိကရည်ရွယ်၍ ကန့်သတ်မှုများ ပြုလုပ်ခဲ့သည်။
ကန် ကုန်သွယ်ရေးဝန်ကြီး ဂီနာရေမွန်ဒို (Gina Raimondo) က အမေရိကန်အစိုးရ ထောက်ပံ့ကြေးများ အကူအညီဖြင့် တရုတ်တို့ ကျော်တက်မသွားစေရေးအား တပြားတချပ်မျှ (တရုတ်နှင့် ဆက်စပ်ကုမ္ပဏီများထံ) မရောက်သွားစေရန် အစွမ်းကုန် ကာကွယ်သွားရမည်ဟု ပြောကြားခဲ့သည်။
အဆိုပါ စည်းမျဉ်းများတွင် နိုင်ငံခြား တိုင်းပြည်များတွင် ချစ်ပ်ပြားစက်ရုံများ ပိုင်ဆိုင် ထုတ်လုပ်နေသည့် အမေရိကန်ကုမ္ပဏီများသည်ပင် အစိုးရထောက်ပံ့ကြေးအား ၁၀ နှစ် အတွင်း ရရှိဦးမည်မဟုတ်ဟုလည်း ပါရှိသည်။
ကန် ကုမ္ပဏီများနှင့် (တရုတ်ကိုရည်ရွယ်သည့်) နိုင်ငံခြားကုမ္ပဏီများအနေဖြင့် အကျိုးတူ သုတေသနလုပ်ခြင်း၊ မူပိုင်ခွင့် – လိုင်စင်ရယူခြင်း၊ ချစ်ပ်စက်ရုံကို အတူတကွ အသုံးပြုခြင်း၊ ထုပ်ပိုးခြင်း စသည့် ဖက်စပ်လုပ်ငန်းများကိုလည်း ထောက်ပံ့ငွေ ပေးအပ်သွားမည်မဟုတ်ဟု ဆိုသည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Semiconductors Org, The White House Gov US, Reuters Business
Image: swarajya