0

ကပ်ရောဂါ မုန်တိုင်းအတွင်း မပြိုလဲရအောင် အနိုင်နိုင်ကျားကန်နေရတဲ့ အမေရိကန် ရေနံထုတ်လုပ်ရေးကဏ္ဍ

Share

          အမေရိကန်၊ တက္ကဆက်ပြည်နယ်က ရေနံထုတ်လုပ်ရေးလုပ်ငန်းရှင် မိုက်ဆယ်မန်ဟာ သူ့ရဲ့ MCA Petroleum Corporation ကို လွန်ခဲ့တဲ့ ၁၉၈၀ကျော်လောက်က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ဆယ်စုနှစ် ၄ခုကြာအောင် သူရဲ့ကုမ္ပဏီဟာ ရေနံတွင်းအသစ်တွေရှာလိုက်၊ ရေနံတွေတူးထုတ်လိုက်၊ ထွက်လာတဲ့ ရေနံတွေကို ရေနံချက်စက်ရုံတွေဆီရောင်းလိုက်နဲ့ ပုံမှန် လည်ပတ်လာနေခဲ့တာပါ။ ခုတော့ သူ့မိသားစုမှာဆို ဒုတိယမျိုးဆက်ဖြစ်တဲ့ သူ့လက်ထက်မှာတော့ သူ့မျက်စိရှေ့က ရေနံကွင်းတွေမှာ တွင်းအသစ်တူးတာတွေ ဆက်မလုပ်နိုင်တော့သလို ရှိပြီးသားတွင်းအဟောင်းထဲက တချို့ကိုတောင် ပြုပြင်ထိန်းသိမ်းမှုလုပ်ဖို့ ဆိုင်ငံ့ထားရတဲ့အခြေအနေဖြစ်နေပါပြီ။ ထုတ်ပြီးသားရေနံတွေကိုလည်း ရေနံချက်စက်ရုံတွေက လာယူဖို့နှောင့်နှေးနေတဲ့အတွက် ရေနံကန်တွေမှာလည်း ရေနံတွေအပြည့်ဖြစ်နေပြီး ထပ်ထုတ်မဲ့ ရေနံတွေအတွက် သိုလှောင်ဖို့နေရာလွတ်မရှိသလောက်ဖြစ်နေပါတယ်။ သူကတော့ သူတို့ကုမ္ပဏီရဲ့ သက်တမ်းတလျှောက် ပထမဆုံးအနေနဲ့ သူတို့လည်ပတ်နေတဲ့ ရေနံကွင်း တဝက်လောက်ကို ယာယီရပ်နားဖို့ စဉ်းစားနေရပါပြီ။
          ဒီလိုအခက်အခဲ ကြုံနေရတာ သူတို့ရဲ့ တက္ကဆက်ပြည်နယ် တစ်ခုထဲတော့မဟုတ်ပါဘူး။ တက္ကဆက်ကစလို့ နယူးမက္ကစီကို၊ ဥက္ကလာဟိုးမားနဲ့ မြောက်ဒါကိုတာပြည်နယ်က ရေနံလုပ်ကွက်တွေ အကုန်လုံးမှာ အရင်တုန်းက ရေနံအလုပ်သမားတွေ၊ တွင်းတူးစက်တွေ၊ ရေနံသိုလှောင်ကန်တွေနဲ့ စည်ကားခဲ့သလောက် ခုတော့ တိတ်ဆိတ်လို့ နေခဲ့ပါပြီ။ ရေနံအကျိုးဆောင် ကုမ္ပဏီ Rystad Energy ရဲ့ခန့်မှန်းချက်အရ အမေရိကန်တနိုင်ငံလုံးမှာ စွမ်းအင်ကဏ္ဍက အလုပ်သမားပေါင်း ၂သိန်း ၄သောင်းလောက် အလုပ်အကိုင်အခွင့်အလမ်း ဆုံးရှုံး ရဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ခုလက်ရှိမှာတော့ ကုန်းတွင်းရေနံထုတ်လုပ်ရေး အပိုင်းမှာ အလုပ်အကိုင်ဆုံးရှုံးသူ သောင်းဂဏန်းလောက်ရှိနေပါပြီ။ ဘာလို့လဲဆိုတော့ ရေနံချက်စက်ရုံတွေက ရေနံထုတ်လုပ်ရေးကုမ္ပဏီတွေကို ခုလက်ရှိချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ကုန်သွားရင် နောက်ထပ်အရောင်း အဝယ်စာချုပ်ထပ်မချုပ်တော့ဖို့ သတိပေးထားသလို တချို့ ရေနံချက်စက်ရုံတွေကတော့ ထုတ်လုပ်မှုစရိတ်နဲ့ မကာမိအောင် ဈေးနှိမ်ပြီး စာချုပ်အသစ်ချုပ်ဖို့ ကမ်းလှမ်းနေပါတယ်။ ဒါကြောင့် ရေနံထုတ်လုပ်ရေး ကုမ္ပဏီတော်တော်များများက အရှုံးခံပြီးဆက်ထုတ်မဲ့အစား စာချုပ်သက်တမ်းပြည့်ရင် ရေနံထုတ်လုပ်ရေးကို ယာယီရပ်နားဖို့ ဆုံးဖြတ်ခဲ့တဲ့အတွက် အလုပ်သမားတွေကတော့ အလုပ်အကိုင် အခွင့်အလမ်း ဆုံးရှုံးကုန်တာပါ။
          ရေနံချက်စက်ရုံတွေကို လည်း ဈေးနှိမ်လို့ဆိုပြီး အပြစ်တင်လို့တော့ မရပါဘူး။ သူတို့မှာလည်း သူတို့ ဒုက္ခနဲ့ သူတို့ပါ။ ရေနံစိမ်းဈေးတွေကျတဲ့အတွက် သူတို့ဆီကထွက်တဲ့ စက်သုံးဆီဈေးတွေလည်း ချပေးထားတာတောင် စက်သုံးဆီဝယ်လိုအားက ကပ်ရောဂါကြောင့် ဂရပ်ဖ်တွေပေါ်မှာ ဇောက်ထိုးဆင်းနေပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကတော့ သူ့ရဲ့ ကြားဝင်စေ့စပ်ပေးမှုကြောင့် လာမဲ့ မေလ၊ ဇွန်လတွေမှာ ဆော်ဒီနဲ့ ရုရှားတို့ ရေနံထုတ်လုပ်မှုလျှော့ချပြီးရင် ကမ္ဘာ့ရေနံဈေးပြန်တက်မှာ ဖြစ်တဲ့အတွက် အမေရိကန်စွမ်းအင်ကဏ္ဍက အလုပ်အကိုင် ထောင်ပေါင်းများစွာကို ပြန်ပြီး ကယ်တင်နိုင်မှာပါလို့ သူ့ရဲ့ တွစ်တာ စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: Reuters
Photo: Al Jazeera

%d bloggers like this: