နို့စားနွားခြံပိုင်ရှင် ဂျေဆန် လက်ဒဲလ် တစ်ယောက် ဖုန်းကောတစ်ခု လက်ခံနားထောင်အပြီးမှာ ရင်ထဲမှာ အောင့်သက်သက်နဲ့ ခံစားလိုက်ရပါတယ်။ သူ့ကိုဖုန်းဆက်တာကတော့ Dairy Farmers of America (DFA) ဆိုတဲ့ အမေရိကန်ရဲ့ အကြီးဆုံးနို့နှင့်နို့ထွက်ပစ္စည်း ဝယ်ယူရေးကော်ပိုရေးရှင်းမှဖြစ်ပြီး ဖုန်းထဲမှာပြောတာတော့ ဒီနေ့မင်းခြံထဲက ထွက်သမျှနွားနို့တွေ မြောင်းထဲသွန်ပစ်လိုက်တော့ လို့ပြောသွားတာဖြစ်ပါတယ်။ ပုံမှန်ဆိုရင် ဒီလိုကပ်ရောဂါဖြစ်တဲ့အချိန်မှာ လူတွေက သွေးရူးသွေးတန်းနဲ့ ဈေးဝယ်နေကြလို့ နို့နဲ့နို့ထွက်ပစ္စည်းတွေ ဝယ်လိုအားက အရမ်းတက်နေပါတယ်။ ဒါပေမဲ့ တဖက်မှာတော့ ကပ်ရောဂါကြောင့် နွားနို့ကို နို့ထွက်ပစ္စည်းအဖြစ်ထုတ်လုပ်ပြီး ဈေးကွက်ကိုတင်ပို့ရာ လမ်းကြောင်းမှာ အခက်အခဲတွေနဲ့ ကြုံနေရတာပါ။
ပြဿနာစတာကတော့ စားသောက်ဆိုင်တွေပိတ်လိုက်ပြီးနောက်မှာ နို့နဲ့ နို့ထွက်ပစ္စည်းတွေရဲ့ အဓိကဖောက်သည် ဈေးကွက်စပျက်တာပါ။ နောက် ပုံမှန်တင်ပို့နေကြ နိုင်ငံရပ်ခြားတိုင်းပြည်တွေကလည်း သူ့အပူနဲ့သူဈေးကွက်တွေပျက်နေတော့ ထွက်သမျှနွားနို့ကို ပြည်တွင်းကဖြုန်းပေးရမဲ့ ပုံစံဖြစ်သွားပါတယ်။ နောက် ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ အလုပ်သမားတွေကြောင့် ဒိန်ခဲနဲ့ ထောပတ်စက်ရုံတော်တော်များများ ရပ်နားနေရသလို့ ဖြန့်ဖြုးရေးကားမောင်းသမားတွေကလည်း အလုပ်လာမဆင်းတဲ့ အတွက် ထုတ်ပြီးသား ကုန်ချောတွေပါ ကုန်စည်စီးဆင်းမှုရပ်တန့်နေတယ်လို့ DFA က တာဝန်ရှိသူတစ်ဦးက ပြောကြားပါတယ်။ လယ်ယာထွက်ကုန်ခြင်း အတူတူမှာကို ကောက်ပဲသီးနှံထုတ်လုပ်ရေးနဲ့ အသားထုတ်လုပ်တဲ့ လုပ်ငန်းတွေက နို့ထွက်ပစ္စည်းလုပ်ငန်းတွေထက်စာရင် ခုချိန်မှာ တောင့်ခံနိုင်ပါသေးတယ်။ အရောင်းပါးရင်တောင် သူတို့လုပ်ငန်းတွေက အသားတွေကို ခဲခန်းထဲသိမ်းထားတာဖြစ်ဖြစ်၊ ကောက်ပဲသီးနှံတွေဆိုရင်လည်း ကျီတွေထဲမှာ သိမ်းထားတာဖြစ်ဖြစ်လုပ်လို့ရပေမဲ့ နွားခြံပိုင်ရှင်တွေကြတော့ စက်ရုံကိုမပို့လိုက်ရတဲ့ ဂါလန်များစွာသော နွားနို့တွေကို အအေးပေးသိမ်းထားနိုင်မဲ့ နေရာမရှိပါဘူး။
အပေါ်က မစ္စတာ လက်ဒဲလ်ကတော့ ဖြစ်နိုင်ရင် ဆီဘောက်ဆာလိုကားငှါးပြီး သူ့နွားနို့တွေကို ဈေးကွက်ထဲ သွားဖြန့်ချင်တယ်လို့ မချိတင်ကဲဆိုပါတယ်။ ဘာလို့လဲဆိုတော့ ခုချိန် အမေရိကန်တစ်နိုင်ငံလုံးမှာ နို့ထွက်ပစ္စည်းတွေဝယ်လိုအားအရမ်းများနေတဲ့အတွက် ကုန်တိုက်တွေမှာဆို လူတစ်ယောက် နို့ထွက်ပစ္စည်း၂ခုပဲရောင်းမယ်ဆိုပြီး သတ်မှတ်ထားရတဲ့အထိပါပဲ။ မစ္စတာ လက်ဒဲလ်ကတော့ ကုန်တိုက်က ရာရှင်နဲ့ပဲရောင်းမယ်ဆိုတဲ့ သတင်းရယ် သူ့မျက်စိအောက်က တသွင်သွင်မြောင်းထဲကိ စီးနေတဲ့ နွားနို့တွေကြည့်ပြီး ရင်ထဲမှာ ခဲဆွဲခံထားရသလို၊ အိပ်မက်ထဲလမ်လျှောက်နေရသလို ဖြစ်နေတယ်လို့ ပြောပါတယ်။ သူအဲနေ့ကဖောက်ချခဲ့တဲ့ နွားနို့တွေဟာ ဂါလံပေါင်း ၄၇၀၀ ရှိပြီး သူ့ခြံထဲက နို့စားနွား ၄၈၀ကနေထွက်ရှိတာဖြစ်ပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါခင်ဗျား။
Source: Reuters
Photo: Bloomberg