မားစ်ပေါ်သို့ခြေချရန်ကြိုးပမ်းမှု ၂ နှစ်ကြာပြီးနောက် အမေရိကန်နှင့် တရုတ်နှစ်နိုင်ငံလုံးက ထိုအနီရောင်ဂြိုဟ်ပေါ်သို့ထပ်မံ သွားရောက်မည့် mission အား ယခုလအတွင်းစတင်မည်ဖြစ်သည်။ မားစ်သည် အင်အားကြီး နှစ်နိုင်ငံ၏ ယှဉ်ပြိုင်ရာနောက်ထပ် စစ်မြေပြင်တခုဖြစ်လာတော့မည်ဖြစ်သည်။
Tianwen – 1 ဟုခေါ်သည့်တရုတ်ဒုံးပျံယာဉ်ကြီးသည် တရုတ်နိုင်ငံတောင်ဖက် ဟိုင်နန်ကျွန်းမှ ကြာသပတေးနေ့ နေ့လည်ခင်းတွင် မားစ်သို့ အောင်မြင်စွာ လွှတ်တင်ခဲ့ပြီးဖြစ်သည်။ NASA မှလည်း Perseverance rover ကို ဂျူလိုင်လ ၃၀ ရက်နေ့တွင်လွှတ်တင်မည်ဖြစ်သည်။ ယာဉ်နှစ်ခုစလုံးသည် မားစ်ပေါ်သို့ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလတွင် ရောက်ရှိမည်ဟု ခန့်မှန်းထားကြသည်။
NASA ကလွှတ်တင်သည့် Perseverance ယာဉ်သည် မားစ်ပေါ်ရှိအခြေအနေများကိုစူးစမ်းလေ့လာမည်ဖြစ်ပြီး သက်ရှိငယ်များအသက်ရှင်နေထိုင်ခဲ့ခြင်းရှိမရှိ နှင့် ရေရင်းမြစ် ရှိမရှိစသည့် အချက်များအား လေ့လာထောက်လှမ်းမည်ဖြစ်သည်။ ယာဉ်ငယ်သည် မားစ်ပေါ်ရှိကျောက်တုံးအစအနများကို သုတေတနပြုရန်ကောက်ယူစုဆောင်းထားမည်ဖြစ်သည်။
အောင်မြင်ပါက Perseverance သည် မားစ်ပေါ်သို့ဆင်းသက်နိုင်သည့် NASA ၏ သတ္တမမြောက် အောင်မြင်မှုဖြစ်လာမည်ဖြစ်သည်။ ၂၀၁၂ ခုနှစ်ကတည်းက မားစ်ပေါ်သို့ လွှတ်တင်ခဲ့သည့် Curiosity ယာဉ်ငယ်သည် ယခုအချိန်ထိ data အချက်အလက်နှင့် ပုံရိပ်များပို့ပေးလျက်ရှိသည်။
Tianwen – 1သည် တရုတ်၏ ပထမဆုံး မားစ်မစ်ရှစ်ဖြစ်ပြီး မားစ်ပေါ်သို့မဆင်းသက်မီ ဂြိုလ်ပတ်လမ်းတွင် လှည့်ပတ်ကာ မားစ်၏မြေသားအခြေအနေ၊ ပတ်ဝန်းကျင်၊ လေထု နှင့် ရေအရင်းအမြစ်ရှိမရှိ စသည်တို့ကို ထောက်လှမ်းကာ အရေးကြီးအချက်အလက်များ စုဆောင်းပေးမည်ဖြစ်သည်။
NASA ကတော့ထိုကဲ့သို့မလုပ်ပဲ မားစ်ပေါ်သို့မဆင်းသက်နိုင်မီ ဂြိုလ်ပတ်လမ်းသို့orbiters အများအပြားပို့လွှတ်ခဲ့သည်။
တရုတ်နှင့်အမေရိကန်တို့သည် ယခင်က space နှင့်ပါတ်သတ်၍ ရင်းနှီးနွေးထွေးသော ဆက်ဆံရေးများရှိခဲ့ကြဖူးသည်။ နိုင်ငံတကာ အာကာသစခန်းတွင်လည်း အတူပူးပေါင်းမှုများ ပြုလုပ်ခဲ့ကာ အာကာသအတွင်းအောင်မြင်မှုများအား အချင်းချင်း အပြန်အလှန်ဂုဏ်ပြုပေးခဲ့ကြသည်။ ဥပမာ တရုတ်က အဝေးဆုံးသော လ၏တခြားမျက်နှာပြင်ပေါ်သို့အောင်မြင်စွာဆင်းသက်နိုင်ခဲ့ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့ချိန်တွင် အချင်းချင်းချီးကျူးဂုဏ်ပြုစကားများ ဖလှယ်ခဲ့ကြဖူးသည်။
သို့သော် ယခုအခါတွင် အာကာသပြိုင်ပွဲသည် ပိုမိုနိုင်ငံရေးဆန်လာခဲ့ပြီဖြစ်သည်။ Tianwen – 1 သည်အောင်မြင်ပါက တရုတ်သည် မားစ်ပေါ်သို့လူပို့မည့် မစ်ရှင်အဆင့်သို့ တက်လှမ်းလာတော့မည်ဖြစ်သည်။
သမ္မတရှီကျင့်ဖင်က အာကာသ မစ်ရှင်များအတွက် ဒေါ်လာဘီလျံပေါင်းများစွာရင်းနှီးမြှုပ်နှံထားပြီး ဘေဂျင်းက ၂၀၂၂ ခုနှစ်တွင် တရုတ်၏ အမြဲတမ်းအာကာသစခန်း တည်ဆောက်ရန်နှင့် ၂၀၃၀ ခုနှစ်တွင် လပေါ်သို့လူပါဝင်သော အာကာသယာဉ်လွှတ်တင်မည့် အစီအစဉ်များစွာကိုလည်း အကောင်အထည်ဖော်ရန်ရှိနေသည်။
Source: CNBC Business, CNN
Photo: The Liberty Map
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။