ကိုရိုနာကပ်ရောဂါ တစ်နိုင်ငံလုံး ပြန်နှံ့ပြီးတဲ့နောက်မှာ နိုင်ငံတွင်း ကုန်ထုတ်လုပ်မှု လုပ်ငန်းစဉ်တွေ ပြတ်တောက်ကုန်တဲ့အတွက် အမေရိကန်နိုင်ငံက နွားခြံပိုင်ရှင်တွေ၊ လယ်သမားတွေဟာ သူတို့ထုတ်ကုန်တွေကို ကုန်ချောလုပ်မဲ့ စက်ရုံတွေဆီလည်းပို့လို့မရ၊ ဈေးကွက်ထဲကိုလည်း ဖြန့်လို့မရနဲ့မထွေးနိုင်မအန်နိုင် ဒုက္ခရောက်ခဲ့ကြတာပါ။ နို့စားနွားမွေးမြူရေးခြံတွေဆိုရင် သူတို့ထုတ်ထားတဲ့ နွားနို့ဂါလံများစွာကို စက်ရုံတွေဆီ ပို့လို့မရတော့တဲ့အတွက် မြောင်းထဲသွန်ပစ်နေတဲ့ ဗီဒီယိုဖိုင်ဟာ ပြီးခဲ့တဲ့လတုန်းက အင်တာနက်ပေါ်မှာ တော်တော်ရေပန်စားသွားပါသေးတယ်။ ဒါတင်မကသေးပါဘူး။ လယ်ယာထွက်သီးနှံထုတ်လုပ်တဲ့ စိုက်ခင်းတွေမှာဆိုရင်လည်း ခူးဆွတ်ပြီးသား သီးနှံတွေကို ရောင်းလည်းရောင်းလို့မရ၊ သိုလှောင်ထားစရာ အအေးခန်းတွေလဲမရှိတဲ့အတွက် ပုပ်သွားတဲ့အတိုင်း ထိုင်ကြည့်နေခဲ့ကြရတာပါ။
ခုခါမှာတော့ အမေရိကန်စိုက်ပျိုးရေးဦးစီးဌာန (USDA -United State Department of Agriculture) ကစီစဉ်ပေးမဲ့ စိုက်ပျိူးမွေးမြူရေး ပြန်လည်ကုစားရေးရံပုံငွေ ဒေါ်လာ ၁၉ဘီလီယံရဲ့ အစိတ်အပိုင်းဖြစ်တဲ့ ဒေါ်လာ ၃ဘီလီယံကို နို့နဲ့နို့ထွက်ပစ္စည်းတွေ၊ လယ်ယာထွက်ပစ္စည်းတွေကို ဝယ်ယူပေးဖို့ အသုံးချသွားမှာဖြစ်ပါတယ်။ ဝယ်ယူပြီးတဲ့ ကုန်ပစ္စည်းတွေကိုတော့ နိုင်ငံတစ်ဝှမ်းက ပစ္စည်းပြတ်လပ်နေတဲ့ ပြည်နယ်တွေကို ခွဲဝေမျှပေးမှာဖြစ်ပြီး ရံပုံငွေရဲ့ ကျန်တဲ့ ၁၆ဘီလီယံကိုတော့ လုပ်ငန်းပြန်လည်ပတ်ဖို့ ခက်ခဲနေတဲ့ မွေးမြူရေးခြံတွေ၊ လယ်ယာလုပ်ငန်းတွေကို ထောက်ပံ့ပေးသွားမှာပါ။ ဒီအစဉ်အစဉ်ဟာ ကပ်ရောဂါကြောင့် ပြတ်တောက်သွားတဲ့ ကုန်ထုတ်လုပ်မှုကွင်းဆက်နေရာကို အစိုးရက ဖြည့်ဆည်းဖို့ ကြိုးစားတဲ့သဘောဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ lockdown ကာလမှာ ဒီဘက်က လယ်ယာထွက်ကုန်တွေကို ဈေးကွက်ထဲကိုပို့မရခဲ့လို့ ပိုလျှံနေခဲ့ပြီး တစ်ဘက်က ဈေးကွက်ထဲမှာတော့ လယ်ယာထွက်ကုန်တွေမရှိတော့တဲ့ ကုန်တိုက်တွေမှာ ပစ္စည်းတွေပြတ်လပ်နေတာပါ။
ပြီးခဲ့တဲ့ ဧပြီလကုန်တုန်းကတော့ အမေရိကန်သမ္မတ ထရမ့်ဟာ နိုင်ငံတွင်းက အသားထုတ်လုပ်ရေး စက်ရုံတွေကို နိုင်ငံတော်ကာကွယ်ရေးထုတ်ကုန်ဥပဒေ (Defence Prduction Act) အရ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်ဖို့ အတည်ပြုပေးခဲ့ပါသေးတယ်။ ဒီဥပဒေအရဆိုရင်တော့ အသားထုတ်လုပ်ရေးစက်ရုံတွေဟာ ဝန်ထမ်းတစ်ဦးဦးဖျားနာခဲ့ရင်တောင် လုပ်ငန်းကို ရပ်ဆိုင်းပစ်စရာမလိုဘဲ ဆက်လက်လည်ပတ်နိုင်မှာပါ။ ဒီလိုမှ မဟုတ်ရင်လည်း အရင် lockdown စည်းကမ်းအရ အသားထုတ်တဲ့စက်ရုံတွေ ပိတ်ထားရတဲ့အတွက် ကုန်တိုက်တွေမှာ အသား၊ငါးတွေ ရှားပါးနေပြီဖြစ်သလို လူထုကြားမှာလည်း စိုးရိမ်မှုတွေ မြင့်တက်နေပြီဖြစ်လို့ပါ။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: CNBC
0