ပြီးခဲ့သည့် အပတ်က အမေရိကန် လေပိုင်နက်ထဲသို့ ရောက်ရှိလာခဲ့သည့် တရုတ် စပိုင်မိုးပျံပူပေါင်းဖြစ်ရပ်နှင့် ဆက်စပ်၍ ဘေဂျင်း လေကြောင်းပရိုဂရမ်နှင့် ဆက်သွယ်လျက်ရှိသော တရုတ်ကုမ္ပဏီ ၅ခုကို အရေးယူပိတ်ဆို့လိုက်ကြောင်း အမေရိကန်က ထုတ်ပြန်ခဲ့သည်။
တရုတ်၏ ထောက်လှမ်းရေး အစီအစဉ်များကို လျှော့ချရန်နှင့် တန်ပြန်နိုင်ရန်အတွက် အဆိုပါ တရုတ်ကုမ္ပဏီ ၅ခုအပါအဝင် သုတေသနဌာနတစ်ခုကို အမေရိကန် နည်းပညာများ ထောက်ပံ့ခြင်း မပြုတော့ရန်အတွက် ယခုကဲ့သို့ ပြုလုပ်ရခြင်းဖြစ်ကြောင်း ဘိုင်ဒန်အစိုးရက ဆိုသည်။
ထောက်လှမ်းရေး ပစ္စည်းများ တပ်ဆင်ထားကြောင်း အမေရိကန်က စွပ်စွဲထားသည့် အဆိုပါ မိုးပျံပူပေါင်းကို ပြီးခဲ့သည့် အပတ်က ကယ်ရိုလိုင်းနား ကမ်းရိုးတန်းတွင် ပစ်ချခဲ့ပြီးနောက် တရုတ်အစိုးရက အဆိုပါ မိုးပျံပူဖောင်းမှာ မိုးလေဝသတိုင်းတာရန်အတွက်သာ ဖြစ်သည်ဟု ပြန်လည် တုံ့ပြန်ထားပြီး နှစ်နိုင်ငံအကြား သံတမန်တင်းမာမှုများလည်း ဖြစ်ပေါ်လျက်ရှိသည်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင်အနေဖြင့် ဘေဂျင်းသို့ အထူးခရီးစဉ် သွားရောက်ရန် စီစဉ်ထားပြီးမှ အဆိုပါ ဖြစ်ရပ်ဖြစ်ပေါ်လာသည့်အတွက် ခရီးစဉ်ကို အရေးပေါ် ဖျက်သိမ်းလိုက်ကြောင်း သိရသည်။
လက်ရှိ အမည်ပျက်စာရင်းသွင်းလိုက်သည့် တရုတ်ကုမ္ပဏီ ၅ ခုအနေဖြင့် တရုတ်စစ်တပ်၏ လေကြောင်းနှင့် ထောက်လှမ်းရေး ကဏ္ဍများ၊ အထူးသဖြင့် အမြင့်ပျံ ထောက်လှမ်းရေး မိုးပျံပူဖောင်းများ ထုတ်လုပ်မှုတွင် ပါဝင် ကူညီပတ်သတ်နေသည့်အတွက် ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခြင်းဖြစ်ကြောင်း အမေရိကန် ကုန်သွယ်ရေးနှင့်လုံခြုံရေး ဗျူရိုက ဆိုသည်။
အမေရိကန် စီးပွားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒွန်ဂရေ့ဗ်က သူ၏ ဌာနအနေဖြင့် အမိမြေ၏ လုံခြုံရေးနှင့် သတင်းအချက်အလက်ပေါက်ကြားမှုများကို ကာကွယ်ရန်အတွက် ယခုကဲ့သို့ အမည်ပျက်စာရင်းသွင်းခြင်းနှင့် ကန့်သတ်ခြင်းများကိုပြုလုပ်ရန် လက်နှေးနေမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ တရုတ်စပိုင်မိုးပျံပူဖောင်း ဖြစ်ရပ်နှင့် မရှေးမနှောင်းမှာပင် ယမန်နေ့ သောကြာနေ့တွင်လည်း အမေရိကန်ပြည်ထောင်စု၊ အလာစကာပြည်နယ်ကမ်းရိုးတန်းတွင် အမျိုးအမည်မသိ အရာဝတ္ထုတစ်ခု ပျံသန်းနေကြောင်း တွေ့ရှိရသဖြင့် သမ္မတ ဘိုင်ဒန်အမိန့်ဖြင့် အမေရိကန်လေတပ်မှ ဖိုက်တာဂျက်တစ်စင်းက အဆိုပါ အရာဝတ္ထုကို ပစ်ချခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ ဖြစ်ရပ်နှစ်ခု ဆိုက်တိုက်ဖြစ်ပေါ်လာပြီးနောက် တရုတ်အပေါ် တန်ပြန်အရေးယူမှုများ ပြင်းပြင်းထန်ထန်ပြုလုပ်ရန် ဘိုင်ဒန်အစိုးရအပေါ်သို့ ဖိအားများ သက်ရောက်လာပြီဖြစ်သည်။
(ပုံတွင် မြေပြင်သို့ ရောက်ရှိလာသည့် တရုတ်စပိုင်မိုးပျံပူဖောင်းကို FBI စုံစမ်းရေးအဖွဲ့က စစ်ဆေးနေကြောင်း ထုတ်ပြန်လာသည့် အနေအထားဖြစ်သည်။)
ကူးယူဖော်ပြခွင့်မပြုပါ။
Source: AP
Photo: CNBC