0

အမေရိကန် ဘီလျံနာများ နိုင်ငံရေးတွင် ငွေပိုမိုသုံးစွဲလာကြ

Share

အမေရိကန် ပြည်ထောင်စုရှိ ဘီလျံနာများသည် မြို့တော်ဝါရှင်တန်တွင် သူတို့၏ လွှမ်းမိုးမှုကို မြှင့်တင်သည့်အနေဖြင့် နိုင်ငံရေးတွင်ပါဝင်ပါတ်သက်ရန် လွန်ခဲ့သည့် ဆယ်စုနှစ်ကထက် ငွေကြေးသုံးစွဲမှု အဆ ၂၀ ကျော် ပိုမိုလာခဲ့သည်ဟု သိရသည်။

လေ့လာဆန်းစစ်ချက်အသစ်များအရ ၂၀၁၀ ခုနှစ်တွင် နိုင်ငံရေးနှင့် ပါတ်သက်၍ ဘီလျံနာများအနေဖြင့် ကန်ဒေါ်လာ ၃၂ သန်းခဲ့သုံးစွဲခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်တွင်မူ ဒေါ်လာ သန်း ၆၁၁ သန်းခန့်ထိ သုံးစွဲခဲ့သည်ဟု သိရသည်။

အဆိုပါ အချက်အလက်များကို အမေရိကန် အခွန်သာတူညီမျှမှုရှိရေးနှင့် နိုင်ငံရေးလေ့လာသည့် အဖွဲ့အစည်းမှ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ ဖြစ်ရခြင်းမှာ နိုင်ငံသားအရေးနှင့်ပါတ်သက်၍ အမေရိကန်တရားရုံးချုပ်မှ ၂၀၁၀ ခုနှစ်က ထုတ်ပြန်ခဲ့သော အမိန့်ကြောင့်ဖြစ်ပြီး ကုမ္ပဏီများနှင့် ပြင်ပအဖွဲ့အစည်းများသည် ရွေးကောက်ပွဲ စရိတ်ကို အကန့်အသတ်မရှိ သုံးစွဲလာနိုင်ကြသည်။

Americans For Tax Fairness မှာ ညွှန်ကြားရေးမှူး ဖရန့် ကလိမန့် (Frank Clemente) က ဘီလျံနာများသည် နိုင်ငံ၏ စီးပွားရေး၊ နိုင်ငံရေးနှင့် လူ့အသိုင်းအဝိုင်းအပေါ် ပြင်ပမှနေ၍ လွှမ်းမိုးမှုများရှိနေသည်ဟု ဆိုသည်။

အဆိုပါထုတ်ပြန်ချက်တွင် ဘီလျံနာများအနေဖြင့် ၎င်းတို့ကို မျက်နှာသာပေးရန် ငွေသုံးစွဲ၍ အစိုးရ၏ မူဝါဒများ ပြောင်းလဲလာစေရန် ဆောင်ရွက်ခဲ့ကြပြီး ငွေကြေးများကိုလည်း ရီပါဘလီကန် (Republicans) နှင့် ဒီမိုကရက် (Democrats) ပါတီ ၂ခုစလုံးသို့ ဆတူပင် ရောက်ရှိစေခဲ့သည်ဟု ဖေါ်ပြထားသည်။

၂၀၁၈ ခုနှစ်တွင် ရီပါဘလီကန် ပါတီက ဘီလျံနာ သူဌေးများထံမှ ဒေါ်လာ ၂၇၈ သန်း ရရှိခဲ့ပြီး ဒီမိုကရက်တစ်ပါတီအနေဖြင့်လည်း သူဌေးများထံမှ ဒေါ်လာ ၃၁၄ သန်းရရှိခဲ့သည်။

နိုင်ငံရေးပါတီများအပေါ် လှူဒါန်းမှု အပါအဝင် အခြား နည်းအရပ်ရပ်ဖြင့် ငွေကြေးသုံးစွဲခဲ့သူများတွင် ၁၉၉၀ မှ ၂၀၂၀ အထိ အများဆုံးသူများမှာ Sheldon Adelson နှင့် Miriam Adelson တို့ ဇနီးမောင်နှံဖြစ်ပြီး သူတို့ ပေးခဲ့သည် ငွေစုစုပေါင်း ဒေါ်လာ ၃၀၈ သန်း ထိရှိပြီဖြစ်သည်။
(ဘီလျံနာ Sheldon Adelson သည် အသားတင် ကြွယ်ဝမှု ဒေါ်လာ ၂၉.၈ ဘီလျံ (၂၀၂၀ ခုနှစ်) ရှိသူဖြစ်သည်။)

ဒုတိယအများဆုံးသူမှာ ဒီမိုကရက်တစ်ပါတီဘက်မှ သမ္မတလောင်းဝင်ရောက်ယှဉ်ပြိုင်ဖူးသူ Tom Steyer ဖြစ်ပြီး နိုင်ငံရေးအတွက် စုစုပေါင်း ဒေါ်လာ ၂၇၅ သန်း အထိ အသုံးပြုပြီးဖြစ်သည်။

တတိယအများဆုံး သုံးစွဲခဲ့သူမှာ နာမည်ကျော် Bloomberg အပါအဝင် လုပ်ငန်းကြီးအများအပြားကို ပိုင်ဆိုင်သူ Mike Bloomberg ဖြစ်ပြီး ဒေါ်လာ ၁၈၁ သန်း မျှ သုံးစွဲပြီးဖြစ်သည်။ (၂၀၂၀ ခုနှစ်တွင် မိုက် ဘလွန်းဘဂ် Mike Bloomberg အနေဖြင့် အသားတင်ကြွယ်ဝမှု ဒေါ်လာ ဘီလျံ ၆၀ ရှိသူဖြစ်သည်။)

ယခု လက်ရှိသမ္မတဖြစ်သူ ဒေါ်နယ်ထရမ့်မှာ ဒေါ်လာ ၃ ဘီလျံ ခန့်ကြွယ်ဝမှု ရှိသူဖြစ်သော်လည်း သူ၏ သုံးစွဲငွေကို အတိအကျမသိရသေးပဲ ၁၉၉၀ မှ စ၍ ဘီလျံနာ ၁၉၉ ယောက်သည် နိုင်ငံရေးနှင့် ပါတ်သက်၍ ၁ ဦးလျှင် အနည်းဆုံး ဒေါ်လာ ၁ သန်း အထက် သုံးစွဲခဲ့သည်ဟု ဆိုသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: CNBC News, Image: Mike Bloomberg via Bloomberg

 

%d bloggers like this: