0

ယူရေနီယံ သတ္ထုဈေး ယခင်လ ထက် ၃၅% ခန့် မြင့်တက်

Share

ယူရေနီယံ သတ္ထုဈေးသည် ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့ တွင် U308 ၁ ပေါင်၏ ဈေးနှုန်းသည် ကန်ဒေါ်လာ ၂၆.၂၈ သာ ရှိခဲ့ပြီး ယခု ဧပြီလတွင် ကန်ဒေါ်လာ ၃၃.၂၀ ကို ကျော်လာပြီဖြစ်ရာ ဈေး ၃၅% ခန့် မြင့်တက်ခဲ့သည်ကိုတွေ့ရသည်။ အဆိုပါ ဈေးခုန်နှုန်းသည် ၂၀၁၆ ခုနှစ် ဖေဖေါ်ဝါရီလ နောက်ပိုင်း မမြင်ရဖူးသေးသည့် နှုန်းဖြစ်ပြီး ယူရေနီယံ အဓိက တူးဖေါ်ရာ မိုင်းတွင်းများ ကိုဗစ်ကာလအတွင်း ထုတ်လုပ်မှု လျော့ကျခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။ ကနေဒါ နိုင်ငံရှိ ကမီကို မိုင်းတွင်း၊ ကာဇက်စတန် နိုင်ငံရှိ ကာဇက်တွန်ပရွမ် မိုင်းတွင်းများကို ပိတ်ထားခဲ့ရပြီး ယင်းမိုင်းတွင်း ၂ ခုသည် ကမ္ဘာ တစ်ဝှမ်းလုံး၏ ယူရေနီယံ ထက်ဝက်မက ထုတ်လုပ်နေသော သတ္ထုတူးဖေါ်ရေး လုပ်ငန်းခွင်များ ဖြစ်ကြောင်း သိရသည်။


ယခုအခါတွင် ယူရေနီယံ ထုတ်လုပ်ရေး ပိုမိုလျော့ကျလာဖွယ်ရှိသည် ဟု Trading Economics က ခန့်မှန်းထားပြီး စွမ်းအင်ထုတ်လုပ်ရာနေရာများတွင် အကြပ်ရိုက်ဖွယ်ရှိနေသည်။

ယူရေနီယံသည် ကျောက်များအတွင်းတွင် တွေ့ရသော သိပ်သည်းဆ များပြားသည့် သတ္ထုတစ်မျိုးဖြစ်ပြီး နျူကလိယစွမ်းအင်သုံး ဓါတ်အားပေးရုံကြီးများအတွက် လောင်စာအဖြစ်သုံးပြုကြသည်။

ယူရေနီယံ ထိပ်သီးထုတ်လုပ်ကြသည့် နိုင်ငံများမှာ ကာဇက်စတန်၊ ကနေဒါ နှင့် သြောစတေးလျ တို့ဖြစ်ကြသည်။
Bloomberg မှ ဖေါ်ပြထားသော Cantor Fitzgerald ပွဲစားကုမ္ပဏီ၏ ပြောကြားချက်အရ ပြီးခဲ့သည့် ၃ ပတ်အတွင်း အဓိက မိုင်းတွင်းများ ပိတ်ခဲ့မှုကြောင့် ယူရေနီယံ ပေါင်ချိန် ၄၆ သန်းခန့် ထုတ်လုပ်မှုလျော့ကျခဲ့ပြီး ယင်းပမာဏသည် ကမ္ဘာ့ ယူရေနီယံထွက်ကုန် စုစုပေါင်း၏ ၃၅% ရှိကြောင်းလည်း သိရသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။ Like & Share လုပ်ပေးခြင်းဖြင့် စီးပွားရေးအချက်အလက်များ ပိုမို ရရှိလာစေရန် ကူညီနိုင်ပါသည်။
Orio Economics

Source: Trading Economics, Investor Intel, Bloomberg, Uranium.info, Uranium Ore-Wikiwand

%d bloggers like this: