0

United Airlines ၏ ဝန်ထမ်း ၃၆၀၀၀ ခန့် လစာမဲ့ခွင့်ဖြင့် ရပ်နားခံရနိုင်

Share

ချီကာဂို အခြေစိုက် အမေရိကန်လေကြောင်းလိုင်းကြီးတစ်ခုဖြစ်သော United Airlines အနေဖြင့် ၎င်း၏ ခရီးသည်များနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံနေရသည့် ဝန်ထမ်းထက်ဝက်ခန့်အရေအတွက်ဖြစ်သော အလုပ်အကိုင်နေရာပေါင်း ၃ သောင်း ၆ ထောင်ခန့်ကို လစာမဲ့ ခွင့်များယူစေကာ ရပ်နားလိုက်ရတော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခု ကပ်ဘေးတလျှောက်လုံး လေကြောင်းလိုင်းအနေဖြင့် အမှန်တကယ်လိုအပ်သည့် ဝန်ထမ်းနှင့် လုပ်အားအရေအတွက်ကို အမှန်အတိုင်းထုတ်ဖေါ်ပြောဆိုနေခဲ့ကြောင်း ကုမ္ပဏီက ပြောကြားခဲ့သည်။

ယခုနှစ် ဂျူလိုင်လသည် ပြီးခဲ့သည့်နှစ် ကာလတူအခြေအနေထက် အလုပ်လုပ်နိုင်စွမ်း ၇၅% လျော့ကျခဲ့သည်။

သို့သော်လည်း လစာမဲ့ခွင့် ပေးအပ်မည့် သတိပေးစာရရှိသည့် ဝန်ထမ်းတိုင်း ထိုသို့ ယာယီရပ်နားခံရမည်ဟု မဆိုလိုကြောင်း အသိပေးခဲ့ပြီး ကုမ္ပဏီမှ အမှန်တကယ်လျှော့ချမည့် သို့မဟုတ် လစာမဲ့ခွင့် ပေးအပ်မည့် အရေအတွက်သည် မိမိဆန္ဒနှင့် အလုပ်ထွက်သွားသူများနှင့် ယာယီခွင့်တင်ထားသူများအပေါ်တွင် မူတည်နေသေးသည်။

လစာမဲ့ခွင့်ယူရမည့် ဝန်ထမ်း ၃၆၀၀၀ ပမာဏသည် မည်သည့်အချိန်တွင် အလုပ်ပြန်ဆင်း၍ ပုံမှန်လစာများ ရရှိမည်ဆိုသည်မှာ ကိုရိုနာဗိုင်းရပ်စ်အခြေအနေနှင့် ခရီးသွားများ ပြန်လည် လှုပ်ရှားသွားလာမှုအပေါ်တွင်သာ မူတည်နေသည်။

အမေရိကန်ပြည်ထောင်စု အစိုးရအနေဖြင့် အဆိုပါလေကြောင်းကို ဒေါ်လာ ၅၀ ဘီလျံ ထောက်ပံ့ရန် သဘောတူထားပြီး ယခု ထောက်ပံ့ကြေးငွေကြောင့် ဝန်ထမ်းများနှင့် အလုပ်သမားများအားလည်း စက်တင်ဘာ ၃၀ မတိုင်မီထိ အလုပ်ဖြုတ်ခြင်း၊ လစာလျှော့ခြင်းများ မပြုလုပ်ရန် ပါဝင်သေးသည်။

FlightGlobal မှ အမေရိကားလေကြောင်းခရီးသွား အယ်ဒီတာ ဖြစ်သူ Pilar Wolfsteller က United ၏ ကြေငြာချက်သည် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေး နောက်ပိုင်း လေကြောင်းခရီးသွားနယ်ပယ်၏ အနာဂတ်ကို ပြသသည့် အချက်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

သူမက ဆက်လက်၍ ‘ခု ကပ်ဘေးပြီးသွားရင်တော့ အမေရိကန်ရဲ့ အဓိက လေကြောင်းလိုင်းကြီးတွေအနေနဲ့ ပိုပြီး သေးငယ်တဲ့ လုပ်ငန်းတွေဖြစ်သွားကြမှာပါ။ လောလောဆယ် ကျွန်မေတို့ အနေနဲ့ အခြား ဘယ်လေကြောင်းလိုင်းတွေကရော ဘာတွေဆက်ဖြစ်မလဲ သိရတော့မှာဖြစ်ပြီး လေကြောင်းကုမ္ပဏီတွေဟာ အရင်ထက် ၃ ပုံ ၁ ပုံထိ လုပ်ငန်းအရွယ်စား လျော့ကျသွားနိုင်ပါတယ်’ ဟု ပြောကြားခဲ့သည်။

လေယာဉ်များနှင့် လေဆိပ်များတွင် လူတဦးနှင့် တဦး ခွါ၍ နေရမည့် စည်းကမ်းများ၊ မျက်နှာဖုံး အကာအကွယ်သုံးခြင်းများဖြင့် လေကြောင်းခရီးကို ဆက်လက်လည်ပတ်နေသော်လည်း လူတော်တော်များများမှာ လေကြောင်းဖြင့် ခရီးသွားရန် တုန်လှုပ်နေဆဲဖြစ်သည်။

အခြား သတင်းများအရလည်း ကိုဗစ်-၁၉ ကြောင့် လေယာဉ်လက်မှတ်များ ကြိုတင်မှာယူမှု လျော့ကျနေခြင်း၊ လုပ်ငန်း လိုငွေပြနေခြင်းကဲ့သို့ အချက်အလက်များကြောင့် ကြာသပတေးနေ့ စတော့ဈေးကွက် S&P Global Ratings တွင် United Airlines ၏ တန်ဖိုး – ၇.၂၅% ကျဆင်းခဲ့သည်ကိုတွေ့ရှိရသည်။

လုပ်ငန်းလည်ပတ်ငွေပြန်လည်ကောင်းမွန်လာနိုင်မှုကို လာမည့်နှစ်တွင်မှ ဖြစ်နိုင်ရန် ခန့်မှန်းထားကြသည်။

 

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။

Source: BBC Business, Market Watch, United Airlines

 

%d bloggers like this: