0

ဝူဟန်မြို့ရှိရာ Hubei ပြည်နယ်မှလွဲ၍ တရုတ်နိုင်ငံတစ်ဝှမ်းရှိ ဆိုင်ခွဲများ အားလုံး ပြန်ဖွင့်နေပြီဖြစ်ကြောင်း ဂျပန်ဖက်ရှင်ကုမ္ပဏီ Uniqlo ပြောကြား

Share

Photo: Inside Retail Asia
         

          ဂျပန်ဖက်ရှင်ကုမ္ပဏီ Uniqlo ဟာ တရုတ်နိုင်ငံထဲမှာ ဆိုင်ခွဲပေါင်း ၇၅၀ ရှိပြီး ဒီထဲကမှ Hubei ပြည်နယ်ထဲက ဆိုင် ၃၀ကျော်ကလွဲရင် ကျန်တဲ့ဆိုင်တွေ အကုန်လုံး ပုံမှန်အတိုင်းပြန်လည်ပတ်နေပြီလို့ ဆိုပါတယ်။ Uniqlo ဟာပြီးခဲ့တဲ့ လတုန်းက ကိုရိုနာဗိုင်းရပ်စ်ကြောင့် သူ့ရဲ့ဆိုင်ခွဲ ၃၅၀ လောက်ပိတ်ထားခဲ့ရပြီး ကူးစက်မှုပြင်းထန်တဲ့ နေရာတွေမှာဆို စက်ရုံတွေပါ ရပ်နားထားခဲ့ရတာပါ။ တရုတ်ဟာ Uniqlo အတွက် ဈေးကွက်ဝေစု ကြီးကြီးမားမားရထားတဲ့နေရာဖြစ်လို့ အရင်လ ဆိုင်တွေပိတ်ခဲ့ရတုန်းက သူတို့ရဲ့ အမြတ်ငွေရရှိမှုကို တော်တော်လေးထိခိုက်သွားစေခဲ့တာပါ။
          မနေ့က (၁၆-၀၃-၂၀၂၀) ညနေတုန်းက ဂျပန်စတော့ ဈေးကွက်အပိတ်မှာ Uniqlo ရဲ့ မိခင်ကုမ္ပဏီ Fast Retailing ရဲ့ ရှယ်ယာဈေးနှုန်းဟာ ယန်း ၄၆၀၀၀ ပဲရှိတော့တာမို့ နှစ်စတုန်းက ရှယ်ယာဈေးနဲ့ယှဉ်ရင် ၃၀ရာခိုင်နှုန်းလောက် ကျသွားခဲ့တာပါ။ သူတို့ရဲ့ ဈေးကွက်အကြံပေးပညာရှင် မိုက်ကယ်အလန် ကတော့ တရုတ်နဲ့ ကိုးရီးယားမှာ ဗိုင်းရပ်စ်ကူးစက်မှုနှုန်းတွေ လျော့ကျသွားတဲ့အတွက် သူတို့ရဲ့ ဝန်ထမ်းတွေဟာ လုပ်ငန်းခွင်ကို ပြန်ဆင်းနေကြပါပြီး Uniqlo နိုင်ငံခြားကုမ္ပဏီခွဲတွေ ကြုံခဲ့ရတဲ့ ဒုက္ခတွေဟာ အဆုံးသတ်ခဲ့ပါပြီလို့ ပြောသွားပါတယ်။ နောက်ပြီး ကုမ္ပဏီဟာ ကြုံခဲ့ရတဲ့ စီးပွားရေးထိုးနှက်ခံရမှုကို ကုစားဖို့ လုံလောက်တဲ့ ဘတ်ဂျက်နဲ့ စီမံချက်တွေ ပြင်ဆင်ပြီးသွားပြီလို့လည်း ထပ်မံပြောကြားသွားပါသေးတယ်။
          Fast Retailing ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ အမေရိကားမှာ ဖွင့်ထးတဲ့ သူတို့ရဲ့ ဆိုင်ခွဲ ၆၀ အကြောင်းကိုတော့ ဘာမှတ်ချက်မှမပေးသွားပါဘူး။ ခုဆိုရင် အမေရိကားမှာတော့ Nike ဟာသူ့ရဲ့ဆိုင်ခွဲတွေကို ပိတ်ဖို့ ကြေငြာသွားခဲ့သလို ကနေဒါနိုင်ငံရဲ့ နာမည်ကြီး အားကစားဝတ်စုံထုတ်လုပ်သူ Lululemon Athletica ကုမ္ပဏီဟာလည်း နိုင်ငံတွင်းရှိ သူ့ဆိုင်တွေကို ပိတ်ထားခဲ့ပြီဖြစ်ပါတယ်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: ChannelNewsAsia

%d bloggers like this: