ရေကြောင်းကုန်သွယ်ရေး လမ်းကြောင်းပြ အချက်အလက်များနှင့် သတင်းအရင်းအမြစ်များအရ ယူအေအီးနိုင်ငံသည် ရုရှားမှ ရေနံစိမ်းများကို အများအပြား ဝယ်ယူတင်သွင်းလျက်ရှိကြောင်း ရိုက်တာသတင်းဌာနက ရေးသားခဲ့သည်။
ယခုရရှိသော အချက်အလက်များအရ ရေနံထုတ်လုပ်မှု ထိပ်သီးနိုင်ငံများစာရင်းဝင်ဖြစ်သော ယူအေအီးနှင့် ဆော်ဒီတို့သည် အမေရိကန်၏ သဘောထားကို မျက်ကွယ်ပြု၍ ရေနံကုန်သွယ်ကဏ္ဍတွင် ရုရှားနှင့် ပူးပေါင်းဆက်ဆံလျက်ရှိသေးကြောင်း သိရခြင်းဖြစ်သည်။
အမေရိကန်သည် ရုရှားကို အထီးကျန်ထားရှိရန် ရည်ရွယ်ကာ အရေးယူပိတ်ဆို့မှုများ ပြုလုပ်၍ ရုရှားမှ တင်ပို့သော ရေနံများကို ဝယ်ယူခြင်း မပြုကြရန် လှုံ့ဆော်ထားပြီး ပင်လယ်ကွေ့ ဒေသရှိ အာရပ်နိုင်ငံများကိုမူ ရုရှားအစား ရေနံများ ပိုမိုထုတ်လုပ်ကြရန် ဖိအားပေးလျက်ရှိသော်လည်း လက်တွေ့တွင် ထင်တိုင်းမပေါက်ကြောင်း သက်သေပြနေသည်။
ရုရှားအနေဖြင့် အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများကို ကြံ့ကြံ့ခံနိုင်ရန် ရေနံစိမ်းနှင့် သန့်စင်ပြီး ရေနံထုတ်ကုန်များကို ဈေးသက်သက်သာသာဖြင့် ရောင်းချလျက်ရှိပြီး ယူအေအီးအနေဖြင့် ရုရှား-ယူကရိန်းစစ်ပွဲ စတင်သည့် အချိန်မှ စတင်၍ ရုရှားရေနံများကို သိသိသာသာ တိုးမြှင့် တင်သွင်းလာနေကြောင်း အချက်အလက်များက ဖော်ပြနေသည်။
ယူအေအီးသည် ၂၀၁၉ တွင် ရုရှားမှ ရေနံစိမ်းများကို စတင်ဝယ်ယူခြင်းဖြစ်ပြီး ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွားချိန်တွင် ဝယ်ယူမှု သိသိသာသာတိုးလာကာ လက်ရှိအချိန်တွင် ရေနံစိမ်းစည်ပေါင်း ၁.၅ သန်းခန့် ဝယ်ယူထားပြီးပြီးဟု စွမ်းအင်အချက်အလက်လေ့လာရေးကုမ္ပဏီ Kpler ကဆိုသည်။
အလားတူပင် ဆော်ဒီသည်လည်း ၎င်းတို့၏ လျှပ်စစ်ဓါတ်အားပေးစက်ရုံများတွင် အသုံးပြုရန် ရုရှားမှ ရေနံများ တင်သွင်းထားကြောင်း အချက်အလက်များ ရရှိထားပြီး အခြားသော နိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယနှင့် အာဖရိကနိုင်ငံအချို့မှာလည်း လက်ရှိအချိန်အထိ ရုရှား၏ ရေနံဖောက်သည်များ ဖြစ်ကြသည်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: Reuters
Photo: Rappler