0

တွစ်တာ ဝင်ငွေ ၄၀% ထိုးကျ

Share

လူမှုမီဒီယာပလက်ဖေါင်းတခုဖြစ်သော တွစ်တာ – Twitter အား Tesla သူဌေး အီလွန်မက်စ် ဝယ်ယူပြီးနောက် Twitter တွင် ပုံမှန်ကြော်ငြာများထည့်သွင်းပြုလုပ်နေသည့် ဖေါက်သည်လုပ်ငန်း ၅၀၀ ကျော် ကြော်ငြာထည့်သွင်းမှု ရပ်ဆိုင်းသွားခဲ့ပြီး ဝင်ငွေမှာ ယခင်နှစ်ကာလတူ အခြေအနေထက် ၄၀% ကျဆင်းခဲ့သည်ဟု ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့သည်။

Tesla လျှပ်စစ်ကားကုမ္ပဏီနှင့် အာကာသခရီးသွားလုပ်ငန်း SpaceX တို့ကို ပိုင်ဆိုင်သည့် အီလွန်မက်စ်သည် ပြီးခဲ့သည့် ၂၀၂၂၊ အောက်တိုဘာလအတွင်းက Twitter အား အပြီးသတ်ဝယ်ယူခဲ့ပြီး ထောင်ပေါင်းများစွာသော ဝန်ထမ်းများအား အလုပ်ဖြုတ်ခြင်း၊ အသိအမှတ်ပြု အပြာရောင်အမှန်ခြစ်အမှတ်အသား – Blue Tick on Twitter အား ရယူလိုပါက အဆိုပါလူမှုမီဒီယာအသုံးပြုသူများအနေဖြင့် လစဉ်ကြေးပေးရန် မူဝါဒပြောင်းလဲခြင်း စသည်တို့ကို ပြုလုပ်ခဲ့သည်။

ထို့ကြောင့် ကော်ပိုရေးရှင်း အများအပြားက တွစ်တွာပေါ်တွင် ကြော်ငြာခြင်းများ ဆက်လက်မပြုလုပ်ပဲ ကန့်ကွက်ခဲ့ကြသည်။
သို့သော်လည်း ယင်းအချက်ထက် ပိုမိုသည့် အခြားအခြေအနေရှိနေသေးသည်။
တွစ်တာသည် ၂၀၁၉ ခုနှစ်က သတ်မှတ်ခဲ့သော နိုင်ငံရေးနှင့် ဆက်စပ်သည့် ကြော်ငြာများကို ၎င်းတို့ပလက်ဖေါင်းတွင် ကြေညာခြင်းခွင့်မပြုဟူသော အချက်အား ပြန်လည် ပြောင်းလဲရန် အားထုတ်ခဲ့သည်။

နိုင်ငံရေး သို့မဟုတ် ရွေးကောက်ပွဲဝင် အမတ်များ၏ကြော်ငြာများ၊ အခြား ဆက်စပ်ကြော်ငြာများအား တီဗီ – ရုပ်မြင်သံကြား၊ ဂျာနယ် အစရှိသည့် ပလက်ဖေါင်းတို့နည်းတူ မူဝါဒခြင်း တူညီစေရန် ညှိနှိုင်းဆောင်ရွက်သွားမည်ဟုလည်း သိရသည်။

ဒေါ်လာ ၄၄ ဘီလျံနှင့် တွစ်တာကို ဝယ်ယူခဲ့သော သူဌေး အီလွန်မက်စ်သည် အကြီးတန်း ရာထူးများကိုပါ အပြောင်းအလဲ ပြုလုပ်ထားခဲ့ပြီး ၎င်းစိတ်ကြိုက်တွေ့မည့် အမှုဆောင်အရာရှိချုပ်တွေ့လျှင် CEO ရာထူးခန့်အပ်သွားမည်ဟု မကြာသေးမီက ထုတ်ပြောထားသည်။
အီလွန်မက်စ်အား နှစ်သက်ထောက်ခံသူများသည် တွစ်တာမီဒီယာ ၁ ခု သာမကပဲ ၎င်း၏ သူငယ်ချင်းဖြစ်သူ ဒစ်ဂျစ်တယ်ငွေကြေးပလက်ဖေါင်း Binance ပိုင်ရှင် CZ – Changpeng Zhao နှင့် ပူးပေါင်း၍ အပြောင်းအလဲများ ဖန်တီးနေခြင်းကြောင့် ဒစ်ဂျစ်တယ်ငွေကြေးလောက – Cryptocurrency အတွက်ပါ သက်ရောက်မှုကြီးကြီးမားမားတခုကို မျှော်လင့်နေကြဆဲဖြစ်သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: EuroNews, The Gardian, The Platformer Report, Coin Telegraph, The Information
Image: Copy Right Thomson Reuters 2023

%d bloggers like this: