တူရကီတွင် ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၄နှစ်အတွင်း အမြန်ဆုံး အရှိန်ဖြင့် မြင့်တက်နေ

တူရကီတွင် ကုန်ဈေးနှုန်းများ အရှိန်အဟုန်ဖြင့် မြင့်တက်နေပြီး ငွေကြေးဖောင်းပွမှုနှုန်းသည် ဇွန်လတွင် ၇၈.၆၂ ရာခိုင်နှုန်းအထိ ရှိလာပြီဖြစ်သည့်အတွက် ပြီးခဲ့သည့် ၂၄နှစ်အတွင်း အမြန်ဆုံးနှုန်းဖြင့် ငွေကြေးဖောင်းပွမှု မြင့်တက်လာခြင်းဖြစ်ကြောင်း အစိုးရက ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

အထူးသဖြင့် ရုရှားနှင့် ယူကရိန်းပဋိပက္ခကြောင့် အိမ်အသုံးစရိတ်များနှင့် အိမ်ခြံမြေဈေးများသည် တူရကီတွင် မကြုံဖူးသည့် ဈေးနှုန်းများ ဖြစ်သွားပြီဖြစ်ကြောင်း သိရသည်။

၎င်းတို့နိုင်ငံသည် ယမန်နှစ်ကတည်းက ငွေကြေးဖောင်းပွမှုနှုန်းကို ခံစားနေရခြင်းဖြစ်ပြီး ထိုစဉ်က သမ္မတ အာဒိုဂန်သည် ငွေကြေးဖောင်းပွမှုနှုန်းကို တန်ပြန်ရန်နှင့် နိုင်ငံ၏ စီးပွားကို ပြန်လည်ဆွဲတင်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် ဘဏ်တိုးနှုန်းများကို လျှော့ချပစ်ခဲ့သည်။

ပုံမှန်အားဖြင့်ဆိုလျှင် နိုင်ငံများသည် ငွေကြေးဖောင်းပွမှုနှုန်းကို လျှော့ချရန်အတွက် ဘဏ်တိုးကို တိုးမြှင့်လေ့ရှိသော်လည်း သမ္မတ အာဒိုဂန်ကမူ အတိုးနှုန်းများကို မကောင်းမှုတို့၏ မြစ်ဖျားခံရာအဖြစ် ယူဆသည်ဟုဆိုကာ လျှော့ချပစ်ခဲ့ပြီး နိုင်ငံခြား ငွေကြေးလဲလှယ်မှု ဈေးကွက်ကိုလည်း ဝင်ရောက်စွက်ဖက်ခဲ့သည်။

ထိုကဲ့သို့ နိုင်ငံ၏ ဘဏ်တိုးနှုန်းများကို ၁၉ ရာခိုင်နှုန်းမှ ၁၄ ရာခိုင်နှုန်းသို့ လျှော့ချလိုက်သောအခါ တူရကီငွေကြေးဖြစ်သည့် လိုင်ရာ၏ တန်ဖိုးများ ကျဆင်းသွားခဲ့ပြီး နိုင်ငံခြားမှ ကုန်ပစ္စည်းများ တင်သွင်းပါက ပိုမိုကုန်ကျသည့် အခြေအနေဖြစ်သွားခဲ့သည်။

လက်ရှိအချိန်တွင် တူရကီ၌ သယ်ယူပို့ဆောင်ရေး စရိတ်သည် အားလုံးထဲတွင် ဈေးနှုန်းမြင့်တက်မှုနှုန်း အမြင့်ဆုံးဖြစ်ပြီး ယမန်နှစ်နှင့် ယှဉ်ပါက ၁၂၃ ရာခိုင်နှုန်းမြင့်တက်သွားသည်ကို တွေ့ရမည်ဖြစ်သည်။

၎င်း၏ နောက်တွင် အစားအသောက်နှင့် အဖျော်ယမကာများက ကပ်လိုက်လျက်ရှိပြီး ယမန်နှစ်ထက် ၉၄ ရာခိုင်နှုန်းမြင့်တက်ကာ အိမ်အသုံးအဆောင်နှင့် ပရိဘောဂ ပစ္စည်းများမှာမူ ၈၁ ရာခိုင်နှုန်းမြင့်တက်သွားကြောင်း သိရသည်။

ကဏ္ဍအားလုံးကို ခြုံ၍ ငွေကြေးဖောင်းပွမှုနှုန်းကို တွက်မည်ဆိုပါက ၁၉၉၈ နောက်ပိုင်း အမြင့်ဆုံး အခြေအနေဖြစ်ပြီး ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံး ငွေကြေးဖောင်းပွမှုကို တူရကီနိုင်ငံအနေဖြင့် ရင်ဆိုင်နေရပြီဖြစ်သည်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: BBC, CNN
Photo: Majalla

Leave a Reply

Your email address will not be published.