တူရကီနိုင်ငံသည် ယခု ကိုရိုနာကူးစက်သူဦးရေ ၆သောင်း ၅ထောင် ကျော်လာပြီး ယင်းအခြေအနေသည် ဧပြီလ ၄ ရက်နေ့ နောက်ပိုင်း တစ်ရက်လျှင် ကူးစက်သူ ၄ထောင်ခန့် အသစ်ဖြစ်ပွားနေခြင်းမျိုးဖြစ်သည်။
လူဦးရေ ၈၂ သန်းရှိသော တူရကီသည် အလုံးစုံ ပိတ်ဆို့ခြင်း Lockdown မလုပ်သော ဥရောပနိုင်ငံအနည်းငယ်ရှိသည့်အထဲမှ တစ်နိုင်ငံအပါအဝင်ဖြစ်သည်။ နိုင်ငံ၏ သမ္မတဖြစ်သူ Recep Tayyip Erdogan က နိုင်ငံတစ်ခုလုံး ပိတ်ဆို့ခြင်းကို ယခုအထိရှောင်လွှဲနေဆဲဖြစ်သည်။
နိုင်ငံ၏ ငွေကြေး အားပျော့လာသည်မှာ ၂ နှစ်နီးပါးရှိနေပြီဖြစ်ပြီး နိုင်ငံတော်အကြွေးများ မြင့်တက်လာခြင်း၊ နိုင်ငံခြား အရံငွေထားရှိနိုင်မှု နည်းလာခြင်း၊ အလုပ်လက်မဲ့နှုန်း များလာခြင်း စသည်တို့ကြောင့် ကမ္ဘာ့ကပ်ရောဂါကို ဘေးကင်းစွာဖြတ်သန်းရန် ခက်ခဲနေသည်ဟု ပညာရှင်များက ဆိုသည်။
အထိအခိုက်မခံသော နိုင်ငံ၏ ငွေကြေးအခြေအနေကြောင့် နိုင်ငံအနေဖြင့် ငွေကြေးမူဝါဒများ၊ အတိုးနှုန်းများကို သိသိသာသာ အပြောင်းအလဲလုပ်ရန် မဖြစ်နိုင်ချေ။
အစ္စတန်ဘူလ်စီးပွားရေး သုတေသနအဖွဲ့က စီအန်ဘီစီသို့ ပြောကြားရာတွင် ရှေ့၌ ခက်ခဲသော အချိန်များ စောင့်ကြိုနေကြောင်း၊ ကိုရိုနာရိုက်ခတ်မှုကြောင့် တနိုင်ငံလုံးအတိုင်းအတာအရ အန္တရာယ်ရှိသော အခြေအနေရောက်နေပြီဖြစ်ကြောင်း ဆိုသည်။
ယခုအခါတွင် အစ္စတန်ဘူလ်မြို့ကို ယာယီ ၄၈ နာရီ ပိတ်ဆို့ခြင်း ပြုလုပ်ထားပြီး အခြား မြို့ကြီး ၃၀ ကိုလည်း ပိတ်ဆို့တော့မည်ဟု သိရသည်။
တစ်ဦးချင်းသီးခြားနေထိုင်ရန် ကိစ္စကို မိမိသဘောဆန္ဒအရသာ လုပ်ဆောင်ရန် တူရကီ၌ ခွင့်ပြုထားရာ အချို့ မရှိမဖြစ် မဟုတ်သော လုပ်ငန်းများနှင့် ခရီးသွားလာရေး လုပ်ငန်းများသာ ရပ်ဆိုင်းထားခြင်းရှိနေသည်။
ပြီးခဲ့သည့် ဇန်နဝါရီလတွင် အလုပ်လက်မဲ့နှုန်း ၁၄% ရှိရာ ယခုကဲ့သို့ဖြစ်စဉ်များကြောင့် လုပ်ငန်း ရပ်ဆိုင်းထားမှုများရှိနေရာ အလုပ်လက်မဲ့နှုန်း ပိုမိုမြင့်တက်လာမည်ဟု ဆိုသည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics
source: cnbc, images: john hopkins university, getty images, reuters