0

၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် တိုယိုတာက စံချိန်တင် ကားအစီးရေ ၁၁ သန်းထုတ်မည်

Share

တိုယိုတာမော်တာသည် လာမည့် ဧပြီလတွင် စတင်မည့် ၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် စံချိန်တင်ကားအစီးရေ ၁၁ သန်းထုတ်လုပ်သွားမည်ဟု ဂျပန်နိကေးက ဖေါ်ပြခဲ့သည်။
ယခုရည်မှန်းချက်ကြောင့် COVID-19 ကပ်ဘေးအတွင်းမှ ဂျပန်ကားထုတ်လုပ်ရေးလုပ်ငန်းအနေဖြင့် ပြန်လည်ရုန်းထနိုင်ခဲ့သည်ကို ပြနေသည်ဟုဆိုသည်။
ကုမ္ပဏီက၎င်းတို့ရည်ရွယ်ချက်ကို ထုတ်ဖေါ်ခဲ့ခြင်းမှာ အဓိကအစိတ်အပိုင်းများကို တိုယိုတာသို့ တင်သွင်းနေသည့်ကုမ္ပဏီများအတွက် ထုတ်လုပ်ရေးအစီအစဉ်များကို ကြိုတင်တွက်ဆနိုင်ရန်လည်းဖြစ်သည်။

လက်ရှိဘဏ္ဍာရေးနှစ်တွင် တိုယိုတာက ကားအစီးရေ ၉ သန်းထုတ်လုပ်ရန် ရည်ရွယ်ထားသည်။
တိုယိုတာ၏ကားထုတ်လုပ်ရေးစက်ရုံများမှာ ကမ္ဘာတဝှမ်းတွင်ရှိပြီး နှစ်အလိုက်သတ်မှတ်အစီးရေကို ထုတ်လုပ်နေကြသည်။
လက်ရှိဘဏ္ဍာရေးနှစ်အတွက်မူ ဂျပန်ရှိစက်ရုံများမှ အနည်းဆုံး အစီးရေ ၃ သန်းထုတ်လုပ်မည်ဟု သတ်မှတ်ထားသော်လည်း လာမည့် ဖေဖေါ်ဝါရီလ ထုတ်လုပ်ရေးကိန်းဂဏန်းမှာ တပိုင်းလျှပ်ကူးပစ္စည်းများ – semiconductors များ ပြတ်လပ်မှုကြောင့် ၂၀% လျော့ကျနိုင်ဖွယ်ရှိနေသည်။

တိုယိုတာ၏ ကားအစိတ်အပိုင်းများကို တင်သွင်းနေသူ စီးပွားဖက်ကုမ္ပဏီများအတွက်လည်း ၂၀၂၂ သည် လွယ်ကူသောနှစ်မဖြစ်လာနိုင်ချေ။
ကပ်ဘေးကြောင့် အလုပ်သမားရှားပါးမှုများကို ရင်ဆိုင်နေရသလို အချို့သော ကမ္ဘာအရပ်ရပ်ရှိ တိုယိုတာစက်ရုံများသည် နိုင်ငံခြားသားလုပ်သားများအပေါ်တွင် မှီခိုနေရသည်။
သို့သော်လည်း အဆိုပါအကြောင်းအရာကို မှတ်ချက်ပေးရန် တိုယိုတာက ငြင်းဆန်ခဲ့သည်။

ကမ္ဘာတဝှမ်း ကားလုပ်ငန်းအားလုံးမှ ပြီးခဲ့သည့် နှစ်အတွင်း ကားအစီးရေ စုစုပေါင်း ၈၁ သန်းကျော် ရောင်းချနိုင်ခဲ့ဖွယ်ရှိသည်ဟု ခန့်မှန်းထားကြသည်။
တိုယိုတာ၏ ၂၀၂၂ ရည်မှန်းချက်များ အကောင်အထည်ပေါ်လာရန်မှာ ကပ်ဘေးနောက်ဆက်တွဲအခြေအနေနှင့် တပိုင်းလျှပ်ကူးပစ္စည်းများ ထုတ်လုပ်နိုင်ရေးအပေါ်တွင်လည်း မူတည်လျက်ရှိသည်။

ကူးယူဖေါ်ပြခြင်း ခွင့်မပြုပါ။
Source: Asia Nikkei, Reuters
Image: Autocar UK

%d bloggers like this: