0

အင်တာနေရှင်နယ် အိုလံပစ်ကော်မီတီက ၂၀၂၀ တိုကျိုအိုလံပစ်ကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖျက်သိမ်းသွားမှာ မဟုတ်ဘဲ ရက်ရွေ့ဆိုင်းဖို့သာစဉ်းစားမှာဖြစ်ကြောင်း ပြောကြား

Share

         အိုလံပစ်မီးရူးတိုင် ဂျပန်နိုင်ငံကို ရောက်ရှိလာခဲ့ပြီးနောက် ၂၀၂၀ တိုကျိုအိုလံပစ်ကို ဆက်လုပ်မှာလား၊ ရပ်ဆိုင်းမှာလားဆိုတဲ့ မေးခွန်းတွေ ကျယ်ကျယ်လောင်လောက်ထွက်လာခဲ့ပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က(၂၂-၀၃-၂၀၂၀) အင်တာနေရှင်နယ် အိုလံပစ်ကော်မီတီ ဘုတ်အဖွဲ့ကနေ ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒီအထဲမှာတော့ ၂၀၂၀ တိုကျိုအိုလံပစ်ကို ဗိုင်းရပ်ကပ်ရောဂါကြောင့် ဖျက်သိမ်းသွားမှာ မဟုတ်ဘဲ ကျင်းပတဲ့ ရက်ရွေ့ဆိုင်းတာသော်လည်းကောင်း၊ ဒါမှမဟုတ် အထူးစီမံချက်တွေ ရေးဆွဲပြီး နဂို စီစဉ်ထားတဲ့ ရက်မှာ ကျင်းပတာသော်လည်းကောင်း လုပ်သွားမှာလို့ ပြောသွားပါတယ်။ ပြီးတော့ ဒီကြေငြာချက်ထဲမှာပဲ ခုဆိုရင် ဂျပန်နိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ်တားဆီးရေး လုပ်ဆောင်ချက်တွေဟာ အောင်မြင်နေပြီဖြစ်လို့ကူးစက်မှုနှုန်းတွေ လျော့ကနေသလို ပြိုင်ပွဲကျင်းပဖို့ကလည်း လအနည်းငယ် လိုသေးတဲ့အတွက် ပြင်ဆင်ချိန်တွေ အများကြီးရနေပါသေးတယ်လို့ဆိုပါတယ်။ ဒီလို ခမ်းနားတဲ့ ပြိုင်ပွဲကြီးကို ရပ်တန့်လိုက်ဖို့ဆိုတာကတော့ ပါဝင်လုပ်အားပေးခဲ့တဲ့ အဖွဲ့တွေ၊ ကျင်းပရေးကော်မီတီဝင်တွေ၊ ၁၁၀၀၀ လောက်ရှိမဲ့ ပြိုင်ပွဲဝင်တွေရဲ့ အိပ်မက်ကို ရိုက်ချိုးသလိုဖြစ်မှာ ဖြစ်တဲ့အတွက် ဖျက်သိမ်းဖို့တော့ ဘုတ်အဖွဲ့က ဘယ်တော့မှ စဉ်းစားမှာ မဟုတ်ဘူးလို့လည်း ဆိုသွားပါသေးတယ်။
          ဒါပေမဲ့ အိုလံပစ်ကော်မီတီကတော့ ပြိုင်ပွဲဖျက်သိမ်းဖို့ ဘက်ပေါင်းစုံကနေ ဖိအားပေးခံနေရတာပါ။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကတော့ မနေ့က (၂၃-၀၃-၂၀၂၀) ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ တစ်ကမ္ဘာလုံး ကပ်ရောဂါဆိုးကြီးကို တိုက်ဖျက်နေရလို့ ပင်ပန်းနေကြသလို ခရီးအသွားအလာတွေလည်း တင်းကြပ်ထားတဲ့အတွက် ဒီလိုအချိန်မှာ ဒီလိုပြိုင်ပွဲကြီးကျင်းပတာ သင့်တော်ရဲ့လားလို့ပြန်စဉ်းစားနေကြောင်း ဖြေသွားပါတယ်။
          ပြီးတော့ အိုလံပစ်ကော်မီတီကို ထိပ်ဆုံးကနေ ဆန္ဒပြသွားတဲ့သူတွေရှိပါတယ်။ အဲဒါကတော့ ကနေဒါနဲ့ သြစတြေးလျ နိုင်ငံတို့ဖြစ်ပြီး အိုလံပစ်ကော်မီတီက ပြိုင်ပွဲဖျက်သိမ်းဖို့ အစီအစဉ်မရှိကြောင်းကြေငြာပြီး မကြာခင်မှာပဲ သူတို့ အသင်းတွေပြိုင်ပွဲက နှုတ်ထွက်ကြောင်း ကြေငြာခဲ့တာပါ။ ကနေဒါ အိုလံပစ်ကော်မီတီရဲ့ ကြေငြာချက်မှာ ခုလိုအချိန်ခါမှာ ပြိုင်ပွဲဝင် အားကစားသမားတွေရဲ့ ကျန်းမာရေးထက်အရေးကြီးတာမရှိပါဘူး။ တကယ်၍တစ်ယောက်ယောက်သာ ကူးစက်ခံခဲ့ရရင် ကစားသမားကိုယ်တိုင်သာမက သူ့မိသားစုပါ ခံစားရမှာဖြစ်ပါတယ်။ နောက်ပြီး ခုဆို ကနေဒါနိုင်ငံမှာ သွားလာမှုတွေ ကန့်သတ်ပိတ်ပင်ထားသလို လူစည်ကားရာနေရာတွေ အကုန်လုံးလဲ ပိတ်ပင်ထားတဲ့ အတွက် အားကစားသမားတွေရဲ့ လေ့ကျင့်ရေးနေရာတွေလည်း အကုန်ပါဝင်ပါတော့တယ်။ ဒီလိုမျိုး လေ့ကျင့်ရေးကောင်းကောင်းမွန်မွန်မရတဲ့ နိုင်ငံတွေရှိနေတဲ့အတွက် အိုလံပစ်ပြိုင်ပွဲဟာ မျှတတဲ့ ပြိင်ပွဲတစ်ခုဖြစ်လာမှာ မဟုတ်ဘူးလို့ ပါဝင်ပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါခင်ဗျား။
Source : Insider.com

%d bloggers like this: