ဒီကိစ္စတွေ ဖြစ်ခဲ့တာကတော့ လွန်ခဲ့တဲ့ ၁ပတ်လောက်ကဖြစ်ပြီး အဲအချိန်ကစလို့ Tiktok ကို အိန္ဒိယမှာ ပိတ်ပင်ပေးဖို့ တောင်းဆိုလှုပ်ရှားမှုတွေ ပြင်းထန်လာခဲ့သလို Google Playstore မှာလဲ rating တွေလျှော့ပြီးပေခဲ့ကြတဲ့အတွက် rating 4.6 ကနေ rating 2 နားလောက်ထိဖြစ်သွားခဲ့ပါတယ်။ ဇာတ်လမ်းအစကတော့ Tiktok creator တစ်ယောက်ဖြစ်တဲ့ Amir Siddiqui ဆိုတဲ့သူဟာ Instagram မှာ Youtuber တွေကို အပြစ်တင်တဲ့ video တင်လိုက်ရကနေ စတင်ခဲ့တာပါ။ သူဟာ ဒီဗီဒီယိုထဲမှာ Youtuber တွေက Tiktok ဆော့တဲ့သူတွေရဲ့ အိုင်ဒီယာတွေကို ခိုးချပြီး YouTube video တွေဖန်တီးနေပေမဲ့ သူတို့ကိုတော့ credit ပေးဖို့ပျက်ကွက်ခဲ့တဲ့ အတွက် သူခိုးဆန်ကြောင်း စွပ်စွဲခဲ့တာပါ။ သူ့ရဲ့စွပ်စွဲချက်ကို Youtuber တစ်ယောက်ဖြစ်တဲ့ Ajey Naga က သူ့ရဲ့ Channel မှာ ပြန်လည်ချေပတဲ့ video တင်ခဲ့ပြီး ပြင်းထန်တဲ့ စကားလုံးတွေပါတဲ့အတွက် နောက်ပိုင်းမှာ You Tube က ဒီဗီဒီယိုကို ပြန်လည်ဖြုတ်ချခဲ့ပါတယ်။
Video ကိုဖြုတ်ချခဲ့ချိန်မှာတော့ ကြည့်ရှုပြီးသူက သန်းချီနေခဲ့ပြီး Ajey Naga ရဲ့ ပရိတ်သတ်တွေဟာ Twitter ပေါ်မှာ Tiktok ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ စတင်ပါတော့တယ်။ #RoastNahiFryKarunga, #BanTiktok စတဲ့ စကားလုံးတွေနဲ့ Twitter ပေါ်မှာ ဆူပူကြသလို #BanTiktokIndia, #Tiktokdown, #Tiktokexposed စတဲ့ စကားလုံးတွေနဲ့လည်း ဘလော့တွေပေါ်မှာ လှုံ့ဆော်ကြပါတယ်။ ဒါ့အပြင် Twitter ပေါ်မှာ Tiktok ကိုလှောင်ပြောင်တဲ့ ရုပ်ပြောင်ကာတွန်းတွေ၊ ဟာသတွေ ပလူပျံနေသလို နောက်ပိုင်းမှာ တရုတ်ဆန့်ကျင်ရေးအဖွဲ့တွေကပါ ပူးပေါင်းလာပြီး လူမျိုးရေး လှုပ်ရှားမှုလိုဖြစ်လာကာ Google Playstore မှာလဲ မကောင်းတဲ့ review တွေ၊ ဝိုင်းပြီး မှတ်ချက်တွေပေးကြတဲ့အတွက် အပေါ်မှာပြောခဲ့သလိုပဲ rating 4.6 ကနေ rating 2 ပတ်ဝန်းကျင်လောက်အထိ ထိုးကျသွားခဲ့ပါတယ်။
The Economic Time အနေနဲ့ Tiktok ကို အီးမေးလ်ပို့ပြီး ဒီကိစ္စအပေါ်မှတ်ချက်ပေးဖို့ တောင်းဆိုခဲ့ပေမဲ့ တုံပြန်မှု တစုံတရာမရှိခဲ့ပါဘူး။ အိန္ဒိယနိုင်ငံတွင်းမှာ ခုလက်ရှိ Tiktok အသုံးပြုသူပေါင်း သန်း၂၀၀ကျော်လောက်ရှိပြီး အကဝါသနာပါတဲ့ ဒီလူမျိုးတွေကြားထဲမှာတော့ ရေပန်းစားလို့နေပါတယ်။ Tiktok ဟာ ခုချိန်မှာ အာရှအပြင် ဥရောပမှာပါ ပိုမိုအောင်မြင်အောင် ခြေလှမ်းကြဲကြဲနဲ့လှမ်းလျက်ရှိပြီး တခြားနည်းပညာကုမ္ပဏီကြီးတွေက စီမံခန့်ခွဲမှုအရာရှိတွေ၊ IT နည်းပညာကျွမ်းကျင်တဲ့ပညာရှင်တွေကို လစာပိုပေးကာ စုဆောင်းလျက်ရှိပါတယ်။ အကြီးမားဆုံးအပြောင်းအလဲကတော့ အရင် Disney streaming က CEO Kevin Meyer ကို Tiktok ရဲ့ CEO အဖြစ် တနင်္လာနေ့က ခန့်အပ်ခဲ့တာပဲဖြစ်ပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: The Economic Time
Photo: Creative Blogger World