Covid-19 ကြောင့် သေဆုံးသွားခဲ့သည့် NHS မြန်မာဆရာဝန်ကြီး Dr. Peter Tun သည် သူဗိုင်းရပ်စ်မကူးစက်မီအချိန်တွင် ဗိုင်းရပ်စ်အကာအကွယ် ဝတ်စုံနှင့် ကိရိယာများအား ဆေးရုံအတွက်ထောက်ပံ့ပေးရန် တောင်းခံခဲ့သည့် email အား ဆရာဝန်ကြီး၏ သားဖြစ်သူက The Guardian သတင်းစာထံ ဖွင့်ချခဲ့သည်။
Dr. Peter Tun သည် Reading မြို့တွင် ဧပြီလ ၁၃ ရက်နေ့က Covid-19 ကူးစက်ခံရပြီး ကွယ်လွန်သွားခဲ့သည်။ သူမကွယ်လွန်မီ ၃ ပတ်အလိုအတွင် လုံလောက်သော ဗိုင်းရပ်စ်အကာအကွယ်ဝတ်စုံများ မရှိပါက သူနှင့် သူ၏လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းများ ဗိုင်းရပ်စ်ကူးစက်ခံရတော့မည့်အကြောင်းကို Royal Berkshire ဆေးရုံအား အကြိမ်ကြိမ် သတိပေးခဲ့သည်။
ထိုအချိန်တွင် ဆရာဝန်ကြီး၏ လုပ်ဖော်ကိုင်ဖက် ၂ဦးမှာ သီးသန့်ခန်းတွင် ခွဲနေနေရသော်လည်း ဆေးရုံမန်နေဂျာက ward (လူနာဆောင်အခန်း) တွင် သံသယဖြစ်သည့်လူနာနှင့် ကူးစက်ခံရသူ မရှိသေးသဖြင့် သူ၏တောင်းဆိုချက်အား မလိုက်လျောပေးနိုင်ကြောင်း အဖြေသာ ပြန်ရခဲ့သည်။ မန်နေဂျာမှ ထိုကာကွယ်ရေးပစ္စည်းများသည် အများအပြားမရရှိနိုင်သဖြင့် ချွေတာစွာသုံးစွဲရမည်ဖြစ်ပြီး သူ့အနေဖြင့် ယခုအခြေအနေအတွက် ဘာမှလုပ်မပေးနိုင်ဟု ပြန်လည်ဖြေကြားခဲ့သည်။

ဆရာဝန်ကြီးမှ PPE ဝတ်စုံတောင်းဆိုပြီး သတိပေးခဲ့သည့် email

မန်နေဂျာမှ ငြင်းဆိုခဲ့သည့် အကြောင်းပြန်စာ email
“လုပ်သက်နှစ် ၄၀ သက်တမ်းရှိတဲ့ ဆရာဝန်ကြီးတဦးအနေဖြင့် Surgical Mask လေးအတွက် ခခယယ တောင်းခံခဲ့ပေမဲ့ အငြင်းခံလိုက်ရတယ်ဆိုတာ တော်တော်ကြီးကိုမှားယွင်းနေတဲ့ ကိစ္စတခုပါပဲ” ဟု ဆရာဝန်ကြီး၏သားဖြစ်သူ Michael ကဆိုသည်။
သူက တနိုင်ငံလုံး PPE လုံလောက်မှု မရှိတာကြောင့် Royal Berkshire ဆေးရုံအား အပြစ်ပြောလိုခြင်းမရှိပေမဲ့ မန်နေဂျာရဲ့တာဝန်မဲ့မှု နှင့် မလိုအပ်သောထိမ်ချန်မှုအား ထောက်ပြလိုခြင်းဖြစ်သည်။ အကယ်၍ တောင်းဆိုခဲ့တဲ့ PPE ဝတ်စုံနဲ့အကာအကွယ်လေးတွေသာ ရရှိခဲ့မည်ဆိုလျှင် ဖခင်၏ သေဆုံးမှုကို ရှောင်လွှဲနိုင်ခဲ့လိမ့်မည်ဟု သူကဆိုသည်။
ယခုအချိန်ထိ U.K တွင် ကိုရိုးနားဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် ဆေးဝန်ထမ်း ၁၀၈ ဦးသေဆုံးခဲ့ပြီးဖြစ်သည်။

ဆရာဝန်ကြီးဒေါက်တာ ပီတာထွန်း
ဆရာဝန်ကြီး ဒေါက်တာ ပီတာထွန်းသည် မြန်မာနိုင်ငံတွင်မွေးဖွားကာ ပညာသင်ကြားခဲ့ပြီး အင်္ဂလန်နိုင်ငံ Reading ဆေးရုံတွင် ၂၁နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် အာရုံကြော ပြန်လည်ထူထောင်ရေး ပါရဂူဆရာဝန်ကြီးတဦးဖြစ်သည်။ ဧပြီလ ၆ ရက်နေ့တွင် Covid-19 ဗိုင်းရပ်စ်ကူးစက်ခံရ၍ ကုသမှုခံယူခဲ့ပြီး အသက် ၆၂နှစ်အရွယ်တွင် သူ၏ဆေးရုံ ၌ပင် ကွယ်လွန်ခဲ့သည်။ ဆရာဝန်ကြီး၏ သေဆုံးမှုအား BBC သတင်းဌာနအပါအဝင် အင်္ဂလန်ရှိ အခြား media များမှ သူရဲကောင်းဆရာဝန်ကြီး တဦးကိုဆုံးရှုံးလိုက်ရကြောင်း ရေးသားဖော်ပြကာ ဝမ်းနည်းစွာ ဂုဏ်ပြုခဲ့ကြသည်။
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: The Guardian