နယူးယောက်တွင် ကုလအစည်းအဝေးတက်ရောက်ခဲ့သော ထိုင်းဝန်ကြီးချုပ် ဆရပ်သာ သာဗီဆင်က ယနေ့ တနင်္ဂနွေနေ့မနက်တွင် ဘန်ကောက် သုဝဏ္ဏဘုမ္မိလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ပြီး ထိုင်းနိုင်ငံအနေဖြင့် လျှပ်စစ်ကား ဈေးကွက်ဦးဆောင်သူ Tesla ၊ နည်းပညာကုမ္ပဏီကြီး Google နှင့် Microsoft တို့ထံမှ အနည်းဆုံး ဒေါ်လာ ၅ ဘီလျံ ထိုင်း နိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံကြရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။
ဝန်ကြီးချုပ်က မီဒီယာများကို ပြောကြားရာတွင် Tesla သည် လျှပ်စစ်ကားတပ်ဆင် စက်ရုံနေရာများကို ရှာဖွေနေနိုင်သလို၊ Microsoft နှင့် Google တို့သည်လည်း အချက်အလက် သိုလှောင်မည့် Data Centres များ ရှာဖွေနေကြောင်းဆိုခဲ့ပြီး ထိုင်းက မျှော်လင့်သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၅ ဘီလျံ သည် ကုမ္ပဏီကြီး ၃ ခု ပေါင်း သို့မဟုတ် ၁ ခုချင်းစီမှ ပမာဏဆိုသည်မှာမူ မသိရသေးချေ။
အကယ်၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အသစ်များဝင်လာပါက ယခုနှစ် ထိုင်းစီးပွားရေးတိုးတက်မှုကို ၂.၈% အထိ မျှော်လင့်ထားနိုင်ပြီး တိုးတက်မှု နည်းနေခြင်းမှာ ပို့ကုန်အင်အား ကျဆင်းနေခြင်းကြောင့်ဟု သိရသည်။
ထိုင်းနိုင်ငံသည် အာရှတွင် ကားတပ်ဆင်စက်ရုံ လုပ်ငန်းနယ်ပယ်၌ စတုတ္ထအကြီးဆုံး ဖြစ်လာနေပြီး လျှပ်စစ်ကားလုပ်ငန်းများအတွက် အခွန်လျှော့ချပေးမှုများနှင့် အခြား မက်လုံးများကို ကမ်းလှမ်းကာ စွဲဆောင်လျက်ရှိသည်။
ဝန်ကြီးချုပ်က အမေရိကန်ခရီးစဉ်အတွင်း အဆိုပါ လျှပ်စစ်ကားနှင့် နည်းပညာကုမ္ပဏီကြီးများမှ အမှုဆောင်အရာရှိများနှင့် သီးခြား တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Reuters Business, Bangkok Post, The Nation Thailand
Image: Surrey Comet