ပြိုင်ဘက်လျှပ်စစ်ကားထုတ်လုပ်ရေး ကုမ္ပဏီများနှင့် ယှဉ်ပြိုင်နိုင်ရန် USA ၊ ဗြိတိန်နှင့် တရုတ်နိုင်ငံတို့တွင် ကားဈေးများကို Tesla က လျှော့ချခဲ့သည်။
ယင်းနောက် ယခုနှစ် ဒုတိယ ၃ လပတ်ကာလ Q3 (ဧပြီမှ ဇွန်လအထိ) တွင် လျှပ်စစ်ကား Tesla သည် စံချိန်တင် အစီးရေပမာဏကို ဈေးကွက်အသီးသီးသို့ တင်ပို့ရောင်းချနိုင်ခဲ့သည်ဟု အမှုဆောင်ချုပ် အီလွန်မတ်စ်က ပြောကြားခဲ့သည်။
တနင်္ဂနွေနေ့က Tesla ၏ ထုတ်ပြန်ချက်တွင် ကုမ္ပဏီသည် ယမန်နှစ် ကာလတူ အခြေအနေထက် ၈၀% ကျော်ကျော် ပိုမိုရောင်းချခဲ့ရပြီး ယခုနှစ် Q3 တွင် အစီးရေအားဖြင့် ၄၆၆,၁၄၀ စီး တင်ပို့ခဲ့ရသည်ဟု ဆိုသည်။
ထို့အပြင် ယမန်နှစ် ကာလတူ အခြေအနေထက် ယာဉ်အစီးရေကိုလည်း ၄၈၀,၀၀၀ နီးပါး အထိ ပိုမိုတိုးမြှင့် ထုတ်လုပ်နိုင်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။
လျှပ်စစ်ကားဈေးကွက်တွင် Tesla ၁ ဦးတည်း ကားအရောင်း တိုးတက်ခဲ့ခြင်းတော့ မဟုတ်ဘဲ ၎င်းတို့၏ ဒုတိယ အကြီးဆုံး ဈေးကွက်ဖြစ်သော တရုတ်နိုင်ငံမှ လျှပ်စစ်ကားကုမ္ပဏီများလည်း အရောင်းမြင့်တက်ခဲ့သည်။
ဘေဂျင်းအခြေစိုက် Li-Auto သည် ဇွန်လ တွင် ကုမ္ပဏီသက်တမ်းတလျှောက် ၁ လအတွင်း အများဆုံးအစီးရေ ၃၂,၅၇၅ စီး ရောင်းချနိုင်ခဲ့သည်။
ရှန်ဟိုင်းအခြေစိုက် လျှပ်စစ်ကားကုမ္ပဏီဖြစ်သော Nio နှင့် ကွမ်ကျိုးအခြေစိုက် Xpeng တိုသည့်လည်း အစီးရေ ၁၀,၇၀၇ နှင့် ၈,၆၂၀ အသီးသီး ယင်းလ ထဲတွင် ရောင်းချနိုင်ခဲ့သည်။
ကမ္ဘာ့ဒုတိယစီးပွားရေးအကြီးဆုံး နိုင်ငံဖြစ်သော တရုတ်တွင် တရုတ်လျှပ်စစ်ကားကုမ္ပဏီများ ဆက်တိုက် ပေါ်ထွက်လာနေပြီး Mega Factory စက်ရုံကြီးဖြင့် လည်ပတ်နေသော Tesla သည် ပြိုင်ဘက်များကို ယှဉ်ပြိုင်နိုင်ရန် ဈေးနှုန်းများကို လျှော့ချလျက်ရှိပြီး Tesla အနေဖြင့် အရေအတွက်များများရောင်းချနိုင်ရေးကိုသာ မဟာဗျူဟာမြောက် ရွေးချယ်မှုအဖြစ် ဆောင်ရွက်နေသည်ဟု Automobility မှ ဘီလ်ရော့ဆိုက ဘီဘီစီသို့ပြောကြားခဲ့သည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: BBC Business, The Telegraph, Statista
Image: Tesla/TheGuardian UK