ဆက်သွယ်ရေးကုမ္ပဏီကြီးဖြစ်သော T-Mobile သည် မင်းသားကြီး Ryan Reynold တစိတ်တပိုင်း ပိုင်ဆိုင်သော အဖိုးနည်း ဝိုင်ဖိုင်ကုမ္ပဏီဖြစ်သည့် Mint Mobile နှင့် အခြား ဆက်သွယ်ရေးဝန်ဆောင်မှု ကုမ္ပဏီငယ်နှစ်ခုကို ဒေါ်လာ ၁.၃၅ ဘီလီယံဖြင့် ဝယ်ယူရန် စီစဉ်နေပြီဖြစ်ကြောင်း ယမန်နေ့က ထုတ်ပြန်ကြေငြာခဲ့သည်။
T-Mobile သည် ဆက်သွယ်ရေးကုမ္ပဏီ Ka’ena ကော်ပိုရေးရှင်းကို အလုံးစုံဝယ်ယူရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ကော်ပိုရေးရှင်းအောက်တွင် Ryan Reynold ၏ Mint Mobile, နိုင်ငံတကာဖုန်းခေါ်ဆိုမှု ဝန်ဆောင်ရေး ကုမ္ပဏီ Ultra Mobile နှင့် ဝိုင်ဖိုင်ဝန်ဆောင်မှု ကုမ္ပဏီ Plum တို့ ပါဝင်ကြောင်း သိရသည်။
Ryan Reynold သည် Mint Mobile ၏ ပိုင်ဆိုင်ခွင့် တစိတ်တဒေသကို ၂၀၁၉ တွင် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ၎င်းကိုယ်တိုင်ပါဝင် သရုပ်ဆောင်ထားသည့် ကြော်ငြာများနှင့် တစ်လလျှင် ၁၅ ဒေါ်လာသာ ကျသင့်သည့် ဝိုင်ဖိုင် Plan များကြောင့် Mint Mobile မှာ လူသိများသည်။
ယခု သဘောတူညီမှုကြောင့် သူ၏ ဘဝတွင် ဆက်သွယ်ရေး ဝန်ဆောင်မှု ကုမ္ပဏီတစ်ခုကို ပိုင်ဆိုင်ရမည်ဟု တစ်ခါမှ အိပ်မက်မမက်ဖူးကြောင်း၊ အထူးသဖြင့် အဆိုပါ ကုမ္ပဏီကို T-Mobile ထံသို့ ရောင်းချသည့် ကိစ္စကို ပို၍ပင် စိတ်မကူးမိကြောင်း Ryan Reynold က သူ၏ တွစ်တာအကောင့်တွင် ရေးသားခဲ့သည်။
မင်းသားကြီးသည် ၂၀၁၉ ခုနှစ် သူ Mint Mobile ကို ဝယ်ယူစဉ်ကလည်း နာမည်ကျော်ကြားသူများသည် များသောအားဖြင့် ရေမွှေးများ၊ ယာမကာကုမ္ပဏီများတွင်သာ ရင်းနှီးမြှပ်နှံကြသော်လည်း သူကဲ့သို့ နည်းပညာကုမ္ပဏီတစ်ခုတွင် ရင်းနှီးမြှပ်နှံသည်မှာ ကြုံတောင့်ကြုံခဲဖြစ်နေမည်ဖြစ်ကြောင်း ပြောကြားခဲ့ဖူးသည်။
Ryan Reynold သည် ယခု ဝယ်ယူမှုအပြီးတွင်လည်း Mint Mobile ၏ ကြော်ငြာဖန်တီးမှုအပိုင်းကို ဆက်လက်တာဝန်ယူသွားဦးမည်ဖြစ်ပြီး ဘဝတွင် မထင်မှတ်ထားသည်များ ဖြစ်လာတတ်ကြောင်းနှင့် ယခု သဘောတူညီမှုကြောင့် ကျေနပ်ဂုဏ်ယူမိကြောင်း တွစ်တာပို့စ်တွင် ဖော်ပြထားသည်။
ဝယ်ယူမှု အလုံးစုံကို ယခုနှစ် နှစ်ကုန်ပိုင်းတွင် အပြီးသတ်သွားနိုင်ရန် ရည်မှန်းထားကြောင်းနှင့် Mint Mobile ၏ ယခင်ရှိနှင့်ပြီးသား ဘတ်ဂျက်ဝိုင်ဖိုင် ဝန်ဆောင်မှုများကို ဈေးနှုန်းပြောင်းလဲသွားရန် မရှိကြောင်း၊ Mint Mobile ၏ ရှိနှင့်ပြီးသား ဈေးကွက်နှင့် ပေါင်းစည်း၍ T-Mobile ၏ ဝိုင်ဖိုင်ကွန်ရက်ကို တိုးချဲ့သွားရန် ရည်မှန်းထားကြောင်း T-Mobile ၏ CEO ကပြောကြားခဲ့သည်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: The New York Times, CNN, Bloomberg
Photo: New York Post