ဒီသတင်းကိုတော့ ဒီစနေနေ့ (၂၂-၀၂-၂၀၂၀) မနက်မှာ တောင်ကိုးရီးယား အာဏာပိုင်တွေက ကြေငြာသွားခဲ့တာပါ။ မနေ့က သောကြာနေ့ထိကို တောင်ကိုးရီးယား နိုင်ငံတွင်း Coronavirus ကူးစက်ခံရသူဦးရေ ၂၀၄ ယောက်ရှိခဲ့ပြီး ဒီနေ့မှာတော့ ရောဂါပိုးတွေ့ရှိသူ နောက်ထပ် ၂၂၉ယောက်ကို ထပ်မံအတည်ပြုခဲ့ကာ စုစုပေါင်း ရောဂါကူးစက်ခံရသူဦးရေဟာဆိုရင် ၄၄၃ ယောက်ထိရှိခဲ့ပြီ ဖြစ်ပါတယ်။ တောင်ကိုးရီးယား ကျန်းမာရေးဒုဝန်ကြီးကတော့ ဗိုင်းရပ်ကူးစပ်မှုဟာ ခုဆိုရင် ပိုမိုဆိုးဝါးတဲ့ အဆင့်ကို ရောက်ခဲ့ပြီလို့ဆိုပါတယ်။ ဒီနေ့ထပ်မံတွေ့ရှိရတဲ့ ကူးစက်မှုတွေဟာ နိုင်ငံအရှေ့တောင်ပိုင်းမှာ ရှိတဲ့ ဒယ်ဂူမြို့နားက ဆေးရုံတွေရယ်၊ ဘာသာရေးအဖွဲ့အစည်းတွေရယ်နဲ့ စပ်ဆက်နေတယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။
ရောဂါပိုးကူးစက်ခံရသူ ၂ယောက်သေဆုံးသွားပြီးတဲ့ နောက်မှာ နိုင်ငံအတွင်းရှိ ပြည်သူတွေကြားမှာလည်း စိုးရိမ်ထိတ်လန့်မှုတွေ တိုးပွားနေပါတယ်။ ဒယ်ဂူမြို့ရယ်၊ သူ့နားရှိ ချောင်ဝန်းဒိုမြို့ရယ်က ကူးစက်ခံလူနာတွေထားတဲ့ ဆေးရုံနေရာကို အထူးစောင့်ရှောက်ရေးဇုန်အဖြစ် သတ်မှတ်ထားပြီး မြို့ထဲက လမ်းတွေမှာလည်း လူသွားလူလာနည်းကာ ခြောက်ကပ်လို့နေပါတယ်။ ဒယ်ဂူမြို့က မြို့ခံတွေကတော့ သူတို့မြို့ဟာ ဒုတိယဝူဟန်ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။ WHO က ဒီနေ့ထုတ်ပြန်တဲ့ကြေငြာချက်အရ တစ်ကမ္ဘာလုံးမှာ Coronavirus ကူးစက်ခံရသူဦးရေ စုစုပေါင်း ၇၇၇၉၄ ယောက်ထိရှိခဲ့ပြီး ဒီထဲကမှ ၂၃၅၉ ယောက် အသက်ဆုံးရှုံးခဲ့ပြီး ဖြစ်ပါတယ်။
ကူးယူဖော်ပြခွင့် မပြုပါခင်ဗျား။
Source : BBC