တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့ တင်းမာမှုတွေ ဖြစ်ပြီးတဲ့နောက်ပိုင်း သူတို့ရဲ့ အိမ်နီးချင်း တောင်အာရှနိုင်ငံတွေ အနေနဲ့ ဒီလို အခြေအနေမှာ ကျွဲ၂ကောင်ခတ်တဲ့ကြားက မြေစာပင်မဖြစ်စေဖို့ အတော်သတိထားရမဲ့ အချိန်ပါလို့ လေ့လာစောင့်ကြည့်သူတွေက သုံးသပ်ပါတယ်။ အထူးသဖြင့်တော့ တောင်အာရှနိုင်ငံငယ်လေးတွေ ဖြစ်တဲ့ နီပေါ၊ မော်လဒိုက်၊ သီရိလင်္ကာတို့ဟာ အဓိက ကျဉ်းထဲကြပ်ထဲရောက်မဲ့ နိုင်ငံစာရင်းမှာ ထိပ်ဆုံးကရှိနေပါတယ်။ အကြောင်းကတော့ တစ်ဘက်က သူတို့နဲ့ ဘာသာ၊ ယဉ်ကျေးမှုနဲ့ သမိုင်းကြောင်းတွေအရ လွှမ်းမိုးမှုရှိနေတဲ့ အိန္ဒိယဖြစ်ပြီး တစ်ဘက် ဘေဂျင်းကတော့ လက်ရှိ သူတို့နိုင်ငံတွေမှာ ရင်နှီးမြှုပ်နှံမှု အများဆုံး မိတ်ဘက်နိုင်ငံကြီးဖြစ်နေလို့ပါ။
နိုင်ငံရေး၊ စစ်ရေးစောင့်ကြည့်လေ့လာ သုံးသပ်သူတွေကတော့ ဒီတစ်ခေါက်ဖြစ်သွားတဲ့ တင်းမာမှု အပြီးမှာတော့ ဒီအင်အားကြီးနိုင်ငံ ၂ခုဟာ နဂိုအခြေအနေအတိုင်း ဆက်ဆံသွားဖို့တော့ ပိုခက်ခဲသွားမှာလို့ ဆိုပါတယ်။ ဂျဟာဝါလာနေရူး တက္ကသိုလ်ရဲ့ ဒုပါမောက္ခဖြစ်တဲ့ ဂီတာကို့ချ်ဟာ ကတော့ “ဒေသတွင်းနိုင်ငံတွေဟာ ခုဆိုရင် တရုတ်နဲ့ဆက်ဆံရမယ့် သံခင်းတမန်ခင်းပုံစံကို ပြန်စဉ်းစားကောင်း စဉ်းစားနေကြပါပြီ။ ဘာလို့လဲဆိုတော့ ခုလိုကပ်ရောဂါကြီးကလည်း ဖြစ်ထားတဲ့အချိန်၊ အမေရိကန်-တရုတ် ကုန်သွယ်မှုစစ်ပွဲကလည်း ပြီးကာစအချိန်မှာမှ ဒီလိုမျိုးတင်းမာမှုတွေ ထပ်ဖြစ်ပြန်တော့ သူတို့အနေနဲ့ကတော့ တရုတ်ကို သတိကြီးကြီးနဲ့ စောင့်ကြည့်ဆက်ဆံရမဲ့ နိုင်ငံအဖြစ် အမြင်တစ်မျိုးပြောင်းနေကြမှာပါလို့” သုံးသပ်ပြသွားပါတယ်။
ဘေဂျင်းနဲ့ နယူးဒေလီကတော့ ဒီတစ်ပတ်တည်းမှာပဲ နယ်စပ်မှာဆိုင်ထားကြတဲ့ တပ်တွေပြန်ရုပ်သိမ်းဖို့ သဘောတူခဲ့ကြပြီဖြစ်ပါတယ်။ ဒီစစ်ရေးတင်းမာမှုဟာ နှစ်ပေါင်း ၄၀အတွင်း ပထမဆုံးပြန်ဖြစ်တာဖြစ်ပြီး လူအသေအပျောက်ပါဖြစ်ခဲ့တာပါ။ ဒီလိုမျိုး တပ်တွေ ရှေ့တန်းကနေ ပြန်ရုပ်လိုက်ပေမဲ့ အိန္ဒိယနိုင်ငံတွင်းမှာတော့ တရုတ်ဆန့်ကျင်ရေးတွေ အားကောင်းလာသလို အစိုးရကလည်း သိပ်မကြာခင်ကပဲ တရုတ်နိုင်ငံထုတ် application တွေကို နိုင်ငံတွင်း အသုံးပြုခွင့်ပိတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဆန္ဒပြမှုတွေက ဆက်အားကောင်းနေပြီး တရုတ်ထုတ်ကုန်ပစ္စည်းတွေနဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေကိုပါ သပိတ်မှောက်ဖို့ လှုံ့ဆော်နေတာတောင်ရှိပါတယ်။
နယ်စပ်တင်းမာမှုနေရာမှာ ကင်းလှည့်နေသော အိန္ဒိယတိုက်လေယာဉ်တစ်စီး (Photo: AFP)
တရုတ်နဲ့ အိန္ဒိယကြား ပိတ်မိနေတဲ့ ဘူတန်နိုင်ငံဟာလည်း တရုတ်နဲ့ မကျေလည်စရာ တင်းမာမှုတွေရှိနေပါတယ်။ အဲဒါကတော့ ဘူတန်နဲ့တရုတ်နယ်စပ်မှာ ဘူတန်နိုင်ငံက အကောင်အထည်ဖော်နေတဲ့ သဘာဝဥယျာဉ်ကို တရုတ်ဘက်က သဘောမတူကြောင်း ကန့်ကွက်နေလို့ပါ။ တရုတ်ဘက်ကတော့ ဒီနေရာဟာ တရုတ်နဲ့ ဘူတန်တို့ နယ်နိမိတ်အငြင်းပွားတဲ့ နေရာဖြစ်နေတဲ့အတွက် ကန့်ကွက်တာပါလို့ ဇွန်လတုန်းကပြုလုပ်ခဲ့တဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစီမံချက် ဆွေးနွေးပွဲမှာ တင်ပြခဲ့ပါတယ်။ ဒါပေမဲ့ ဘူတန်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မော်လဒိုက်နဲ့ သီရိလင်္ကာတို့က ကိုယ်စားလှယ်တွေကတော့ ဒီနေရာဟာ ဘူတန်အပိုင်ဖြစ်ကြောင်း ထောက်ခံပေးခဲ့ပြီး ဟိုးအရင် နှစ်နိုင်ငံနယ်နိမိတ်ဆွေးနွေးတုန်းက ယောင်လို့တောင် မပါဝင်ခဲ့တဲ့ ဧရိယာဖြစ်နေလို့လို့ ဆိုပါတယ်။
ဝါရှင်တန်အခြေစိုက် သမိုင်းအဖွဲ့ရဲ့ တောင်အာရှအရေးကျွမ်းကျင်သူ ဂျက်ဖ်စမစ်ကတော့ ဘူတန်အပါအဝင် တခြားတောင်အာရှနိုင်ငံတွေကတော့ ဖြစ်နိုင်ရင် သံတမန်ခင်းကို ပုံမှန်အတိုင်းပဲဖြစ်စေချင်ကြပြီး ဘေဂျင်းနဲ့ရော နယူးဒေလီနဲ့ပါ မျက်နှာမပျက်ချင်တဲ့ ပုံစံပါလို့ သုံးသပ်ပါတယ်။ ခုဆိုရင် သီရိလင်္ကာနဲ့ မော်လဒိုက်တို့မှာ အိန္ဒိယလို တရုတ်ဆန့်ကျင်ရေး သပိတ်မှောက်ပွဲတွေလုပ်ဖို့ အင်တင်တင်ဖြစ်နေတဲ့ လက္ခဏာတွေ အရတော့ သူတို့ဟာ တရုတ်နဲ့ မကင်းရာမကင်းကြောင်းတွေဖြစ်နေတာရော၊ လက်ရှိစီးပွားရေးအခြေအနေအရ တရုတ်ကို ဘယ်လိုမှ ခြေကန်လို့ မရနိုင်တာတွေရော ပါမယ်ဆို ပြောကြားသွားပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: South China Morning Post
Photo: Onmonorama