နိုင်ဂျီးရီးယားပြီးလျှင် အာဖရိက၌အချမ်းသာဆုံး နိုင်ငံဖြစ်သည့် တောင်အာဖရိက နိုင်ငံသည် လူအများ အိမ်တွင်း၌သာ နေထိုင်ရန်ကန့်သတ်ထားသည့် Lockdown စည်းမျဉ်းများကို ဇွန် ၁ ရက်နေ့တွင် အဆင့် ၃ သို့ လျှော့ချမည်ဖြစ်ကြောင်း သိရသည်။
ယခု ဆုံးဖြတ်ချက်သည် ကပ်ဘေးအတွင်း သိသာသည့် အရွေ့တစ်ခုဖြစ်ကြောင်း သမ္မတ ရာမာဖိုဇာ (Cyril Ramaphosa) က ပြောကြားခဲ့သည်။
ယခု လှုပ်ရှားမှုတွင် အစိုးရပိုင်ဝန်ဆောင်မှုများနှင့် မီဒီယာများ အပါအဝင် ကုန်ထုတ်လုပ်ရေးလုပ်ငန်းများ၊ တွင်းထွက်တူးဖေါ်ရေး၊ ဆောက်လုပ်ရေး၊ ဘဏ္ဍာရေး ဝန်ဆောင်မှုနှင့် အခြား နည်းပညာကဏ္ဍဆိုင်ရာ စီးပွားရေးများ ပြန်လည် လုပ်ကိုင်လာနိုင်မည်ဖြစ်သည်။
လက်လီ၊ လက်ကားလုပ်ငန်းများပါ ပြန်လည် စတင်နိုင်မည့် ဤအချိန်တွင် ၅၈ သန်းရှိသော နိုင်ငံ၏ လူဦးရေထဲမှ ၈ သန်းသော တောင်အာဖရိကသားများသည် လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်နိုင်မည်။
လုပ်ငန်းများ ပြန်စတင်နိုင်ရန်အတွက် မဖြစ်မနေလိုက်နာရမည့် စည်းမျဉ်းများ ချမှတ်ထားကြောင်း သမ္မတ Ramaphosa က တနင်္ဂနွေနေ့တွင် ရုပ်သံမှ တဆင့် ကြေငြာခဲ့သည်။
(ပုံမှာ သမ္မတ Cyril Ramaphosa ဖြစ်သည်။)
အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် လူစုလူဝေးလုပ်မှုများကို ရှောင်ကြဉ်ရန် သတ်မှတ်ထားဦးမည်ဖြစ်ပြီး လူဦးရေ ၁ သိန်းလျှင် ကူးစက်သူ ၅ ဦး ရှိသည့် နေရာများကိုပင် ရောဂါပျံ့ပွားရာအဓိက နေရာများအဖြစ် သတ်မှတ်ထားဆဲဖြစ်သည်။
ယခုကဲ့သို့ ဖြေလျော့မှုများ ပြုလုပ်ခဲ့သော်လည်း တောင်အာဖရိကတွင် ကူးစက်သူဦးရေမှာ ၂၃၆၁၅ ဦး ရှိနေပြီဖြစ်ပြီး သေဆုံးသူမှာ ၅၂၄ ယောက်ရှိပြီဖြစ်သည်။
NKC African Economics မှ နိုင်ငံရေး သုံးသပ်သူ Louw Nel က ယခုကဲ့သို့ ကန့်သတ်မှုများ လျှော့ချလိုက်ခြင်းသည် အစိုးရအပေါ် ဖိအားများပိုမိုသက်ရောက်လာနိုင်၍ အတိုက်အခံပါတီ Democratic Alliance ဘက်မှ နိုင်ငံရေးအတွက် အသုံးချစရာများဖြစ်လာနိုင်သည်ဟု ဆိုသည်။
အစိုးရမှ မေလ အစတွင် လုပ်ငန်းများပြန်လည်စတင်ခြင်းနှင့်ပက်သက်၍ လမ်းညွှန်ချက်များ ရေးဆွဲထားခဲ့သောကြောင့် ယခု ဆုံးဖြတ်ချက်သည် အံ့သြစရာမဟုတ်ပဲ ယေဘုယျအားဖြင့် ကြိုဆိုစရာမျှသာ ဖြစ်သည်ဟု ဆိုသည်။
Nel က ဆက်လက်၍ LOCKDOWN ပြုလုပ်ခဲ့မှုသည် ကျန်းမာရေးနယ်ပယ်အတွက် ပိုမိုပြင်ဆင်နိုင်စရာဖြစ်ခဲ့၍ ယခုကဲ့သို့ အခြေအနေများအကြား ချမှတ်ထားသည့် အစီအစဉ်များ၊ အရေးပေါ် လုပ်ဆောင်ချက်များအပေါ် လာမည့် လများက စမ်းသပ်ရန် စောင့်နေမည်ဟု ဆိုသည်။
တောင်အာဖရိက အနေဖြင့် အသည်းအသန်အခြေအနေသို့ ရောက်ရှိနေခြင်းလည်းဖြစ်ပြီး လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်နိုင်ရန် လုပ်ဆောင်နေမှုများသည် ရှောင်လွှဲမရသည့် အခြေအနေဖြစ်သည်ဟု သုံးသပ်ခဲ့သည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics
Source: CNBC News, IT News Africa, Photo: Bloomberg News