ဗိုင်းရပ်စ်ပျံ့ပွားမှု လျှော့ချရန် လူတဦးနှင့် တဦး ၁မီတာ အကွာတွင် နေရမည်ကို မလိုက်နာပါက ထောင်ဒဏ် နှင့် ငွေဒဏ်ရိုက်မည်ဟု စင်ကာပူအစိုးရက ပြတ်ပြတ်သားသား ကြေငြာလိုက်သည်။
စင်ကာပူ ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ရောဂါကူးစက်ပျံ့ပွားမှု မရှိစေရန် ချမှတ်ထားသည့် စည်းကမ်းမလိုက်နာသူများအား စင်ကာပူဒေါ်လာ ၁သောင်း (သို့မဟုတ်) ထောင်ဒဏ် ၆လ (သို့မဟုတ်) ၂ မျိုးစလုံး ချမှတ်ခံရမည်ဟု ဖော်ပြထားသည်။
ယခုစည်းကမ်းချက်တွင် Public area များ၏ ခုံတွင်ထိုင်နေသူများ အပါအဝင် လူတဦးနှင့်တဦး ၁မီတာအကွာတွင်သာ ရှိရမည်ဖြစ်ပြီး လူအများ တန်းစီသည့် နေရာများ၌လည်း ယခုစည်းကမ်းချက်တွင် အကျုံးဝင်မည် ဖြစ်သည်။ ယခုသတ်မှတ်လိုက်သည့် စည်းကမ်းချက်သည် ဧပြီလ ၃၀ ရက်နေ့အထိ အကျုံးဝင်မည်ဖြစ်သည်။ သံသယရှိ စောင့်ကြည့်လူနာများ၊ နိုင်ငံရပ်ခြားမှ ပြန်ရောက်လာပြီးနောက် self-quarantine ၁၄ ရက်နေထိုင်ပြီးသူများလည်း စည်းကမ်းမလိုက်နာပါက ငွေဒဏ်ရော ထောင်ဒဏ်ပါ ၂မျိုးစလုံး ချမှတ်ခံရမည်ဖြစ်သည်။
စင်ကာပူနိုင်ငံတွင် ကူးစက်ခံရသူ အရေအတွက်သည် ဖေဖော်ဝါရီလနှင့် ယှဉ်ကြည့်လျှင် အလွန်များပြားလာခဲ့ပြီး cases အများစုမှာ နိုင်ငံခြားမှဝင်ရောက်လာသူများထံမှဖြစ်သည်။ ကြာသပတေးနေ့အထိ ကူးစက်ခံရသူပေါင်း ၆၅၃ ဦးရှိသည်။
ပြီးခဲ့သည့် အင်္ဂါနေ့မှစတင်ကာ စင်ကာပူ အစိုးရသည် ပိုမိုတင်းကြပ်သော ကန့်သတ်ချက်တွေ ပြုလုပ်လျက်ရှိပြီး အလုပ်နှင့် ကျောင်း ပြင်ပတွင် လူ ၁၀ဦး ထက်ကျော်လွန်၍ လူစုလူဝေးမပြုလုပ်ရန်၊ စားသောက်ဆိုင် စတိုးဆိုင် စသည့်နေရာများတွင် တန်းစီပါက လူတယောက်နှင့်တယောက် ၁မီတာ အကွာတွင် ရပ်ကြရန်စသည့် စည်းကမ်းချက်များပါဝင်လာသည်။
ဧပြီလ ၃၀ ရက်ထိ နိုင်ငံတဝန်းရှိ ဘား၊ ကလပ်၊ ရုပ်ရှင်ရုံနှင့် အခြားအပန်းဖြေနေရာများကို ပိတ်ထားမည်ဖြစ်သည်။ သို့သော် ရှော့ပင်းမောလ်နှင့် စားသောက်ဆိုင်များအား ဖွင့်လှစ်ခွင့်ပြုထားပြီး လူစည်ကားမှုးမရှိစေရဟု ကြေငြာထားသည်။ ထို့အပြင် ဘာသာရေးနှင့်ဆိုင်သော အခမ်းအနားများအားလုံးကို တားမြစ်ထားသည်။
စင်ကာပူနိုင်ငံသည် စောစီးစွာ ဗိုင်းရပ်စ်ကူးစက်ခံရသည့် နိုင်ငံများစာရင်းတွင် ပါဝင်သော်လည်း တနိုင်ငံလုံး shutdown မပြုလုပ်ပဲ ကျောင်းများ၊ ရုံးများနှင့် ဆိုင်ခန်းများအား ဖွင့်လှစ်ခွင့်ပြုထားသည်။
အရှေ့တောင်အာရှ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ပထမလေးလပတ်အတွင်း ခန့်မှန်းထားသည်ထက် ပို၍ကျဆင်းသွားမည်ဟု ကြေငြာချက် ပေါ်ထွက်လာပြီးနောက် စင်ကာပူနိုင်ငံအနေဖြင့် စီးပွားရေးလုပ်ငန်းများနှင့် အိမ်ထောင်စုများအား ထောက်ပံ့ပေးရန် စင်ကာပူဒေါ်လာ ၄၈ ဘီလျံ (အမေရိကန် ဒေါ်လာ ၃၃.၆၄ ဘီလျံ)အား အရံသင့် ထားရှိပြီးဖြစ်ကြောင်း ပြီးခဲ့သည့် ကြာသပတေးနေ့က ပြောကြားခဲ့သည်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: CNBC