0

US ဈေးကွက်ကို အပြိုင်လုနေသော Shein နှင့် Temu

Share

တရုတ်အခြေစိုက် အွန်လိုင်းဖက်ရှင် ကုမ္ပဏီများဖြစ်သော Shein နှင့် Temu တို့သည် ၎င်းတို့၏ ဈေးပေါသော အဝတ်အထည်များဖြင့် အမေရိကန်ဈေးကွက်ကို လွှမ်းမိုးနိုင်ရန် အပြိုင်အဆိုင် ကြိုးပမ်းလျက်ရှိပြီး ဆိုရှယ်မီဒီယာများတွင်သာမက အမေရိကန် တရားရုံးထိပါ ပြိုင်ဆိုင်မှုပြုနေကြခြင်းဖြစ်သည်။

Temu သည် လူမှုကွန်ရက်ရှိ ထင်ပေါ်ကျော်ကြားသူများနှင့် ပူးပေါင်းပြုလုပ်သော ၎င်းတို့၏ ကြော်ငြာများတွင် Shein ၏ မကောင်းကြောင်းများကို မဟုတ်မမှန်သတင်းပေး၍ စားသုံးသူများကို လိမ်ညာနေပါကြောင်း Shein က အမေရိကန်တရားရုံးတွင် တရားစွဲဆိုထားခြင်းဖြစ်သည်။

အကယ်၍ အဆိုပါ အမှုတွင် Temu အနေဖြင့် ရှုံးနိမ့်ခဲ့ပါက ယခုကဲ့သို့ ကြော်ငြာသည့် ဗျူဟာကို စွန့်လွှတ်ရမည်ဖြစ်ပြီး Shien အနေဖြင့်လည်း အမေရိကန် ဈေးကွက်တွင် မျက်နှာပန်းရရှိသွားမည်ဖြစ်ကာ အမှုပြန်ရုပ်သိမ်းပေးရန် Temu ဘက်က တရားရုံးသို့ ပြန်လည်လျှောက်တင်ထားကြောင်း သိရသည်။

အီလီနွိုက်စ်ပြည်နယ်တွင် ယမန်နှစ် ဒီဇင်ဘာက တင်သွင်းခဲ့သော အဆိုပါ တရားစွဲမှု၌ Temu သည် ထိုကဲ့သို့ မဟုတ်မမှန်အချက်အလက်များဖြင့် Shein ကို ပုံဖျက်ရုံသာမက ဆိုရှယ်မီဒီယာတွင်လည်း Shein ၏ ဖောက်သည်များကို Temu နှင့် Shein သည် ကုမ္ပဏီတူများဖြစ်နေသယောင်ပြု၍ Temu ၏ Application ကို ဒေါင်းလုပ်ပြုလုပ်စေရန် မျှားခေါ်ခြင်းများ ပြုလုပ်ကြောင်း Shein က ဆိုထားသည်။

ထိုကဲ့သို့ မိမိ၏ ပြိုင်ဘက်ကို စွပ်စွဲမှုများ ပြုလုပ်နေသော်လည်း Shein ကိုယ်၌မှာ ဒီဇိုင်းခိုးချမှုများကြောင်း နာမည်ကျော် အမှတ်တံဆိပ်များဖြစ်သော Niike, UGG, Oakley နှင့် အွန်လိုင်းရှော့ကုမ္ပဏီဖြစ်သော Dolls Kill တို့၏ ဝေဖန်မှုများနှင့် တရားစွဲမှုများကို ရင်ဆိုင်ထားရသည်။

အမေရိကန်၊ ဥရောပနှင့် အာရှတို့တွင် ဈေးကွက်များ အခိုင်အမာရှိထားပြီး ဂါဝန်ဆိုလျှင် ၁၀ ဒေါ်လာ ပတ်ဝန်းကျင်၊ အင်္ကျ ီဆိုလျှင် ၅ ဒေါ်လာပတ်ဝန်းကျင်ဖြင့် လစဉ် ဒီဇိုင်းပေါင်းများစွာ ထုတ်လုပ်ရောင်းချနေသည့် SHEIN သည် ထိုကဲ့သို့ ဒီဇိုင်းခိုးယူမှုများကြောင့် ဝေဖန်မှုများကြားမှ မကြာမီတွင် အမေရိကန် စတော့ဈေးကွက်သို့ ဒေါ်လာ ၂ဘီလီယံခန့်ဖြင့် ဝင်ရောက်တော့မည်ဖြစ်ကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။

တရုတ်နာမည်ကြီး App တစ်ခုဖြစ်သော Pinduoduo က ပိုင်ဆိုင်သည့် Temu သည် ထိုကဲ့သို့ ဆိုရှယ်မီဒီယာတွင် ကျော်ကြားသည့် သူများဖြင့် ကြေငြာစတင်ခြင်းကို လအတန်ကြာက စတင်ခဲ့ခြင်းဖြစ်ပြီး TikTok, Instagram နှင့် Youtube တွင် ကြော်ငြာပေးရန်အတွက် ၁ နာရီ ဒေါ်လာ ၁၀၀မှ ဒေါ်လာ ၁၀၀၀ အထိ အကုန်အကျခံ၍ ငှါးရမ်းထားခြင်းဖြစ်သည်။

Temu ၏ ပြောရေးဆိုခွင့်ရှိသူက ၎င်းတို့အနေဖြင့် ခိုင်ခိုင်မာမာ၊ အချက်အလက်ကျကျဖြင့် ယခုစွပ်စွဲမှုများကို ငြင်းဆိုသွားမည်ဖြစ်ပြီး မိမိတို့၏ အခွင့်အရေးများကို အပြည့်အ၀ ကာကွယ်သွားမည်ဟု ပြောကြားထားသည်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: Reuters
Photo: The Business Times

%d bloggers like this: