0

တရုတ်ပြည် အိမ်ခြံမြေဈေးကွက်ကို ရှန်းကျန့်မြို့ဦးဆောင်ဖွယ်ရှိ

Share

တရုတ်ပြည်မကြီးအတွင်းရှိ အိမ်ခြေမြေဈေးကွက် ရင်းနှီးမြှုပ်နှံမှုများသည် ၂၀၂၀ ခုနှစ်အတွင်း တိုးတက်လာလျက်ရှိပြီး အထူးသဖြင့် ဟောင်ကောင် အစပ်မှသည် ရှန်းကျန့် (Shenzhen) တခွင်လုံးဖြစ်သည်ဟု သိရသည်။

တရုတ်ပြည် စီးပွားရေးတခုလုံးအနေဖြင့် ကြည့်လျှင် ကပ်ဘေးအတွင်း ရုန်းကန်နေရသည်ဖြစ်သော်လည်း ဘေဂျင်း အခြေစိုက်အစိုးရ၏ ရည်ရွယ်ချက်ဖြစ်သော လယ်ယာမြေများဖေါ်ဆောင်ရေးနှင့် စက်ရုံတည်ထောင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုများ ရရှိလာစေရေးနှင့် ဆန့်ကျင်ဘက်ဖြစ်သော ကိစ္စအဖြစ်ခေတ်စားလာနေခြင်းဖြစ်သည်။

အစိုးရ အနေဖြင့် ရုံးလုပ်ငန်းသုံး တိုက်တာများ ဆောက်လုပ်ရေးထက် လယ်မြေနှင့် မွေးမြူရေး ကိစ္စများကို အားပေးနေသော်လည်း အရှေ့တောင်ပိုင်းမြို့ကြီးဖြစ်သော ရှန်းကျန့်တွင် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုမှာ ယခင်နှစ်က ၁၇% တိုးတက်လာ၍ ယခုနှစ် ၂၀၂၀ အစောပိုင်း ၄လတွင် ၁၁.၆% ထိ တိုးတက်လာလျက်ရှိသည်။

မြို့တော်၏ ကိန်းဂဏန်းစာရင်းအင်းဌာနမှ ထုတ်ပြန်သော အချက်အလက်များအရ အိမ်ခြံမြေပိုင်းတွင် ဂဏန်း ၂ လုံးစာမျှ တိုးတက်လာနေသော်လည်း လက်လီဈေးကွက်တွင် ၁၆.၅% ၊ ဒေသတွင်း ထုတ်ကုန်လုပ်ငန်းများတွင် ၅.၆% နှင့် ပြည်ပပို့ကုန်လုပ်ငန်းများတွင် ၈.၃% ခန့် အသီးသီး ကျဆင်းနေခဲ့သည်။

ယခုအပတ်အတွင်း ထုတ်ပြန်ခဲ့သော 21st Century Business Herald အစီရင်ခံစာတွင် ပြည်မကြီးအတွင်းရှိ ပြည်နယ် ၉ ခုတွင် အိမ်ခြံမြေဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာသည်ဟု ပါရှိသည်။

တရုတ်အစိုးရ ဗဟိုဘဏ်သည် ထိုသို့ မြေကွက်နှင့် အဆောက်အဦများထဲ ပိုက်ဆံများ မဝင်စေရန် အိမ်ခြံမြေနှင့် ပါတ်သက်သော ချေးငွေများ ထုတ်ပေးခြင်းကို ရပ်ဆိုင်းခဲ့သေးသည်။

အစိုးရအနေဖြင့် အမှန်တကယ်စီးပွားရေး လည်ပတ်နိုင်ရန် ပုဂ္ဂလိကလုပ်ငန်းများ၊ အသေးစားလုပ်ငန်းများ စသည်တို့ကိုသာ ငွေချေးပေးရန် ဘဏ်များကို တိုက်တွန်းနေသည်။

Shenzhen in 1980 vs Shenzhen in 2019

 

သို့သော်ငြားလည်း တရုတ်ပြည်ရှိ ထုတ်လုပ်ရေးလုပ်ငန်းများအနေဖြင့် အမြတ်ရရန် ရုန်းကန်နေရပြီး ဘဏ်များကလည်း ထိုကဲ့သို့သော လုပ်ငန်းများကို ငွေချေးရန် ဝန်လေးနေကြသည်။

ထိုစဉ်အချိန်အတွင်း ဒေသအသီးသီးရှိ အာဏာပိုင်များက ကိုဗစ်ကပ်ဘေးကြောင့် ရပ်တန့်ခဲ့ရသော စီးပွားရေး နာလန်ပြန်ထူစေရန် ဟူသော ရည်ရွယ်ချက်ဖြင့် ဒေသတွင်းရှိ မြေယာများကို ရောင်းချရန်တိုက်တွန်းနေပြီး အိမ်ခြံမြေအရောင်းအဝယ်များကြောင့် ငွေလည်ပတ်မှုရှိလာစေရန် ကြိုးစားလျက်ရှိသည်။

မြေများရောင်းချရာမှ အခွန်ဘဏ္ဍာရေး အကောင်းဘက်သို့ ဦးတည်ခဲ့ပြီး ယခုနှစ် ပထမ ၅ လအတွင်း ဝ.၉% တိုးတက်ခဲ့သည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

တရုတ်ပြည်တစ်ခုလုံးကို ခြုံကြည့်လျှင် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု ၈.၄% တိုးတက်ခဲ့သည်ဟု Zhongtai Securities က ကြေငြာခဲ့သည်။
UBS Global Wealth Management မှ စီးပွားရေး ပညာရှင် Hu Yifan က ယခု အပတ်ထဲတွင် ဘေဂျင်းအစိုးရအနေဖြင့် မြို့ကြီးများတွင် အိမ်ခြံမြေသိပ်သည်းနေမှုကို ရပ်တန့်ရန် တစ်ခုခုစီစဉ်လိမ့်မည်ဟု ဆိုသည်။

China International Capital Corporation မှ စီးပွားရေး ပညာရှင် Peng Wensheng က နိုင်ငံ၏ စီးပွားရေး တည်ငြိမ်စေရန် အိမ်ခြံမြေကိစ္စများကို ရေတိုနည်းဖြင့် ကုစားနေသည်မှာ မှန်သော်လည်း နောင်တွင် နိုင်ငံတခုလုံးအတွက်စီးပွားရေး တဘက်စောင်းနင်းဖြစ်လာမည်ဟု ပြောကြားခဲ့သည်။

Nomura မှ လေ့လာသုံးသပ်သူ တစ်ဦးဖြစ်သူ Lu Ting ကလည်း ဘေဂျင်းအစိုးရအနေဖြင့် အိမ်ခြံမြေဈေးကွက်ကို ရပ်တန့်ရန် နောက်တကြိမ်ကြိုးစားမှု အားထုတ်ရန် လက်တွန့်နေသည်ဟု သောကြာနေ့က ပြောကြားခဲ့သည်။

 

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။

Source: South China Morning Post, Shenzhen City, Travel Asia

 

%d bloggers like this: