ရေနံဈေးပြန်လည်မြင့်တက်မှုကြောင့် Shell အမြတ် ဒေါ်လာ ၆.၂ ဘီလျံ ရရှိ

Share

ရေနံနှင့် ဓါတ်ငွေ့ထုတ်လုပ်ရေးလုပ်ငန်းကြီး Shell သည် ဇူလိုင်မှ စက်တင်ဘာ အကုန် ၃ လပတ် အတွင်း အမြတ်ဝင်ငွေ ဒေါ်လာ ၆.၂ ဘီလျံ ရရှိခဲ့သည်ဟု ယနေ့ ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါပမာဏသည် ဒုတိယ ၃ လပတ် (Q2) ဝင်ငွေဖြစ်သော ဒေါ်လာ ၅ ဘီလျံ ထက် မြင့်တက်ခဲ့သော်လည်း ယူကရိန်း – ရုရှား စစ်ပွဲဖြစ်ပွားနေသော ယမန်နှစ်ကာလတူ ၃ လပတ် အမြတ်ငွေ ဒေါ်လာ ၉.၄၅ ဘီလျံ အောက်ကိုမူ လျော့ကျခဲ့သည်။

Shell ၏ အမြတ်ငွေ ပြန်လည်မြင့်တက်လာမှုမှာ ကမ္ဘာ့စွမ်းအင်ဈေးကွက်အတွင်း OPEC ရေနံထုတ်လုပ်သူနိုင်ငံများနှင့် အခြားစွမ်းအင်ဈေးကွက်တွင် အရေးပါသော နိုင်ငံများက ထုတ်လုပ်ရေး လျှော့ချမှုများကြောင့် ဖြစ်သည်။
ကမ္ဘာ့ဘဏ်က လတ်တလော အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသော အစ္စရေးနှင့် ဟားမားစ် ပဋိပက္ခများကြောင့် ရေနံစိမ်းဈေးနှုန်းများ ၁ စည်လျှင် ဒေါ်လာ ၁၅၀ အထိ မြင့်တက်လာနိုင်သည်ဟု သတိပေးထားသည်။

ဆက်လက်ဖြစ်ပွားနေဆဲ ယူကရိန်း – ရုရှား စစ်ပွဲနှင့် အစ္စရေး စစ်ပွဲများအကြား လောင်စာဆီဈေးနှုန်းမြင့်တက်လာဖွယ်ရှိနေပြီး ဆော်ဒီအာရေးဘီးယားနှင့် ရုရှားတို့ ဦးဆောင်သော Opec+ အဖွဲ့ဝင်နိုင်ငံများမှာ ကမ္ဘာ့ဝယ်လိုအား အားပျော့လာသည်ဟူသည့် အကြောင်းပြချက်ဖြင့် နေ့စဉ် ရေနံထုတ်လုပ်သည့်နှုန်းကို လျှော့ချရန် ဆုံးဖြတ်ထားကြသည်။

ယနေ့တွင် ရေနံစိမ်း ၁ စည်ဈေးနှုန်းမှာ ၈၅ ဒေါ်လာ ပေါက်ဈေးရှိနေသည်။
Shell ကုမ္ပဏီကြီးသည် ပါကစ္စတန်ရှိ လုပ်ငန်းခွဲအား ဆော်ဒီကုမ္ပဏီ ၁ ခုထံရောင်းချရန် စီစဉ်နေပြီး အာဖရိကတိုက်၊ နမီးဘီးယားရှိ ကုဒု ဓါတ်ငွေ့စီမံကိန်းတွင် ပြင်သစ်လုပ်ငန်း Total Energies အတူ ပူးပေါင်းပါဝင်ရန် ကမ်းလှမ်းမှုလည်း မကြာသေးမီက ရရှိထားသည်။
ကုမ္ပဏီ၏ ရှယ်ယာပိုင်ရှင်များထံသို့ ယခုနှစ်မြင့်တက်လာသော အမြတ်ကိန်းဂဏန်းများအရ ဒေါ်လာ ၂၃ ဘီလျံအထိ အမြတ်ဝေစု ပေးဝေသွားရန်လျာထားလျက်ရှိသည်ဟု သိရသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Sky News, BBC Business, Upstream Online, Dawn, Bloomberg Commodity Prices, CNBC Business
Image: Shell

%d bloggers like this: