ရေနံနှင့် ဓါတ်ငွေ့ဈေးများ၊ ရေနံသန့်စင်ရေးလုပ်ငန်းမှ အမြတ်များလျော့ကျနေ၍ စွမ်းအင်လုပ်ငန်းကြီး Shell ၏ ဒုတိယ ၃ လပတ် Q2 အမြတ်ငွေသည် ၅၆% လျော့ကျကာ ပမာဏအားဖြင့် ဒေါ်လာ ၅ ဘီလျံသာ ရရှိခဲ့ကြောင်း ယနေ့ ကြာသပတေးနေ့တွင် ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။
ရုရှား-ယူကရိန်း စစ်ပွဲနောက်ဆက်တွဲဖြစ်ရပ်များကြောင့် ရေနံနှင့် စွမ်းအင်ထုတ်ကုန်များ ဈေးမြင့်တက်လာသည့် ၂၀၂၂ တွင် အမြတ်ငွေများ မြင့်မားစွာရရှိခဲ့သည်။
ယမန်နှစ် ကာလတူ အချိန်က Q2 တွင် ဒေါ်လာ ၁၁.၅ ဘီလျံ အထိ ရရှိခဲ့ဖူးသည်။
ယင်းသို့ဖြစ်ရခြင်းမှာ ရေနံထုတ်လုပ်ရေး လျော့ကျသွားခြင်း၊ သန့်စင်ရေးလုပ်ငန်းများတွင် အမြတ်အစွန်းလျော့လာခြင်း တို့ကြောင့် ဖြစ်ကြောင်း ကုမ္ပဏီက ထုတ်ပြန်ချက်တွင် ဖေါ်ပြခဲ့သည်။
Shell သည် ကုမ္ပဏီ၏ ရှယ်ယာများကိုလည်း ပြန်ဝယ်ယူနေပြီး လာမည့် ၃ လအတွင်း ဒေါ်လာ ၃ ဘီလျံ တန်ဖိုးရှိမည့် ကုမ္ပဏီ၏ ရှယ်ယာဝေစုများကို ဝယ်ယူဦးမည်ဟု လျာထားလျက်ရှိပြီး ယခု ကဲ့သို့ အမြတ်ငွေ လျော့ကျလာမှုက အဆိုပါ လုပ်ငန်းစဉ်ကို နှေးကွေးစေမည်ဟု ဈေးကွက်ကျွမ်းကျင်သူများက ဆိုသည်။
ကုမ္ပဏီသည် ယခုနှစ် ပထမ ၃ လပတ် Q1 တွင် ဝင်ငွေ ဒေါ်လာ ၉.၆၅ ဘီလျံ ကို ရရှိခဲ့သည်။
အမြတ်ငွေ ပြန်လည်ရရှိမှု နည်းပါးနေသော ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် (renewable energy) နှင့် ပတ်သက်သည့် လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံနေမှုများကို လျှော့ချသွားမည်ဟု အမှုဆောင်ချုပ် Wael Sawan က ပြောကြားခဲ့သည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: CNN News, Reuters Business, Energy Portal
Image: Peter Boer/Bloomberg/Getty Images/File