0

ဇွန်လတွင် နိုင်ငံ၏စီးပွားရေးလုပ်ငန်း ၈၀% ခန့် ပြန်လည်ဖွင့်လှစ်နိုင်ရန် စင်ကာပူမျှော်လင့်

Share

စင်ကာပူ အနေဖြင့် နိုင်ငံ့စီးပွားရေး အများစု လာမည့် ဇွန်လတွင် လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရန် မျှော်လင့်ထားသည်ဟု ကုန်သွယ်ရေး ဝန်ကြီး Chan Chun Sing က တနင်္လာနေ့ (ယနေ့)တွင် ပြောကြားခဲ့သည်။

မြို့ပြနိုင်ငံ (City-state) ဖြစ်သော စင်ကာပူသည် အာရှရှိ ကိုရိုနာကူးစက်ခံရမှု အများဆုံးနိုင်ငံထဲတွင် ပါဝင်ပြီး ယခုအချိန်တွင် လူ ၃၄၈၀၀ ကျော် ကူးစက်ခံရပြီးဖြစ်သည်။

ကူးစက်မှုအများစုသည် နိုင်ငံခြားသား အခြေခံလုပ်သား တန်းလျားများ ရှိရာ ရပ်ကွက်များအတွင်းဖြစ်ပြီး အလုပ်သမားအားလုံးနီးပါးမှာ ဆောက်လုပ်ရေးလုပ်သားများ ဖြစ်သည်ဟု သိရသည်။

နိုင်ငံအတွင်း၌ ဧပြီလ အစောပိုင်းမှ စ၍ ကန့်သတ်မှု စည်းမျဉ်းများ ချမှတ်လုပ်ဆောင်ခဲ့ပြီး ကျောင်းများကို ပိတ်ခြင်း၊ ရုံးအလုပ်အများစုကို အိမ်မှနေ၍ လုပ်စေခြင်း စသည်တို့ လုပ်ဆောင်ခဲ့သည်။

စင်ကာပူစီးပွားရေး ပြန်လည်ဖွင့်လှစ်ရန် အဆင့် ၃ ဆင့်ဖြင့် လုပ်ဆောင်သွားမည်ဖြစ်ရာ အင်္ဂါနေ့သည် ပထမ အဆင့် စတင်မည့် ရက်ဖြစ်လာမည်။

မစ္စတာ ချန်က ပထမအဆင့်အနေဖြင့် လုပ်ငန်း ၈၀% ခန့် ပြန်လည်လုပ်ဆောင်ခွင့်ပြုသွားမည်ဟုဆိုသည်။

အဓိကကျသည့် လုပ်ငန်းများဖြစ်သည့် လက်လီဆိုင်များ၊ အစားအသောက်နှင့် ယမကာလုပ်ငန်းများကိုမူ ဇွန်လကုန်တွင် ဖွင့်ခွင့်ပေးသွားရန် မျှော်လင့်ထားသည်ဟု စီအန်ဘီစီသို့ ပြောကြားခဲ့သည်။

ချန်က ဆက်လက်၍ နိုင်ငံအတွင်း ရောဂါကူးစက်မှုများကို တည်ငြိမ်မှုရှိစေရန် ပြီးခဲ့သည့် ရက်များအတွင်း လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ စင်ကာပူအနေဖြင့် နိုင်ငံခြားလုပ်သားနေထိုင်ရာ တန်းလျားမှ ကူးစက်ရာဇဝင်လိုက်ရန် အချက်အလက်များ ရှာဖွေရန် အချိန် ပိုယူခဲ့သင့်သည်ဟု ဆိုသည်။

စင်ကာပူသည် စတင်ဖြစ်ပွားရာ တရုတ်ပြီးလျှင် ရောဂါကူးစက်မှုအကြောင်း အစောဆုံး စစ်ဆေးနိုင်ခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။

သို့သော်လည်း ရုတ်တရက် ကူးစက်မှုနှုန်းမြင့်မားခဲ့သည့် နိုင်ငံခြား အလုပ်သမားများ နေထိုင်ရာ နေရာတို့အား ထိန်းချုပ်နိုင်ခဲ့ခြင်းမရှိခဲ့ပေ။

ယခုအခါ လုပ်ငန်းခွင်တွင်သာမက လုပ်ငန်းခွင်ပြင်ပနေရာများတွင်ပါ စိတ်ချလုံခြုံမှုရှိစေရန် လုပ်ဆောင်သွားမည်ဟု သိရသည်။

ကမ္ဘာပေါ်ရှိ နိုင်ငံအများစုသည် ရောဂါနှင့် ပက်သက်၍ ဒုတိယလှိုင်းအဖြစ် ရောက်ရှိလာမည်ကို စိုးရိမ်လျက် ရှိကြသည်။

ဥပမာအားဖြင့် တောင်ကိုးရီးယားသည် မကြာသေးမီက ရုတ်တရက် ပိုးကူးစက်မှု ဦးရေ မြင့်တက်လာမှုကို ကြုံလိုက်ရသေးသည်။

စင်ကာပူအနေဖြင့် ယခုအချိန်တွင်သာ လုပ်ငန်းနယ်ပယ်တစ်ခုခုတွင် ပိုးကူးမှုရှိသည်ကို တွေ့လျှင် နယ်ပယ်တစ်ခုကိုသာ သီးသန့် ပိတ်သိမ်းထိန်းချုပ်သွားမည်ဟု ချန်က ပြောကြားခဲ့သည်။

ထို့ကြောင့် ဖြစ်လာသော ပြဿနာကို တစ်ခုတည်းသီးခြားသတ်မှတ်လုပ်ဆောင်သွားမည်ဖြစ်ပြီး နိုင်ငံ့စီးပွားရေး တခုလုံးကြီး ထိခိုက်မှုမျိုးဖြစ်မလာစေတော့ဟု သိရသည်။

ပြီးခဲ့သည့် အပတ်က Faceboook ပေါ်တွင် တရားဝင်ကြေငြာချက်ပြုလုပ်ခဲ့ရာ နိုင်ငံအနေဖြင့် စင်ကာပူဒေါ်လာ ၁၃ ဘီလျံခန့် (ကန်ဒေါ်လာ ၉.၂ ဘီလျ) အား ပထမ ၄ လ တာ ရင်းနှီးမြှုပ်နှံမှုများအဖြစ် ပြုလုပ်ခဲ့ကြောင်း၊ ၎င်းပမာဏသည် ၁ နှစ်စာသတ်မှတ်ထားသည့် ၈ ဘီလျံမှ ၁၀ ဘီလျံ ပမာဏထက် ပိုမိုလျာထားခြင်းဖြစ်ကြောင်း သိရှိရသည်။

မစ္စတာ ချန်က ယခုအခါတွင် မိမိတို့အနေဖြင့် အရင်းအနှီးများရှိသည့်အတွက် အခက်အခဲလှိုင်းကြမ်းများကို ဖြတ်ကျော်ရန် ယုံကြည်မှု ရှိသည်ဟု ဆိုသည်။

ယခုကဲ့သို့ မိုးထဲရေထဲ ဘေးကြပ်နံကြပ်ကာလများတွင် ရပ်တည်နိုင်ရန်အတွက် စင်ကာပူ၏ ရှေးဘိုးဘေးတို့ ချွေတာခဲ့မှုများကို ကျေးဇူးတင်ရမည်ဟု ဆိုသည်။

ယခုလို ယုံကြည်မှုများရှိသည့်အတွက် ဘဏ္ဍာရေးအခြေအနေအရပါ အခြားနိုင်ငံများကဲ့သို့ အလွန်အကျွံ ထိန်းချုပ်နေစရာမလိုဟု ပြောကြားခဲ့သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics

Source: CNBC News, Yahoo News

%d bloggers like this: