0

လွတ်လပ်ရေးရပြီးနောက်ပိုင်း အဆိုးရွားဆုံး စီးပွားရေးကျဆင်းမှုနှင့် စင်ကာပူရင်ဆိုင်ရနိုင်

Share

မြို့ပြနိုင်ငံတစ်ခုဖြစ်သည့် စင်ကာပူ (Singapore) သည် နိုင်ငံ့ စီးပွားရေး တိုးတက်နှုန်း အနှုတ် ၇ မှ အနှုတ် ၄ (-7 to -4) အတွင်း ရင်ဆိုင်ရနိုင်ကြောင်း စင်ကာပူ ကုန်သွယ်ရေး ဝန်ကြီး က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

ယခုဖြစ်ရပ်သည် ပုံမှန် စီးပွားရေးအခြေနေသို့ရောက်ရှိရန် လွတ်လပ်ရေးရခဲ့သည့် ၁၉၆၅ ခုနှစ် နောက်ပိုင်း မမြင်ရဖူးသေးသည့် နှေးကွေးမှုဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လအတွင်းက နိုင်ငံအနေဖြင့် စီးပွားရေး ကျဆင်းမှုကြောင့် Growth Rate -၄ မှ -၁ ရှိနိုင်ဟု ခန့်မှန်းခဲ့သော်လည်း နောက်ဆုံး တွက်ချက်မှုများအရ ရလဒ်များ ပိုမို အားကြီးလာခဲ့ခြင်းဖြစ်သည်။

စင်ကာပူ နိုင်ငံ၏ GDP သည် ကန်ဒေါ်လာ ၃၅၄ ဘီလျံဖြစ်ပြီး အာရှ၏ စီးပွားရေး ရေချိန်ကို တိုင်းတာရန် အညွှန်းကိန်းအဖြစ် သုံးလေ့ ရှိသည့် အရာတစ်ခုဖြစ်သည်။

နိုင်ငံအနေဖြင့် စီးပွားရေး ကျဆင်းမှု နောက်ဆုံး ရင်ဆိုင်ထားရခြင်းမှာ Dotcom (အင်တာနက်ဝက်ဘ်ဆိုဒ်များ တဟုန်ထိုးများပြားလာသည့်) ပေါက်ကွဲမှုဖြစ်စဉ်ဖြစ်ခဲ့သည့် ၂၀၀၁ ခုနှစ်က ဖြစ်ပြီး ထိုအချိန်က စီးပွားရေး တိုးတက်နှုန်း ၁.၁ ရာခိုင်နှုန်းသာ ကျဆင်းခဲ့သည်။

၁၉၉၇ အာရှ စီးပွားပျက်ကပ်တွင်လည်း နိုင်ငံမှာ Growth Rate ၂.၂ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

၂၀၀၈ ကမ္ဘာ့ ဘဏ္ဍာရေး ပျက်ကပ်တွင် နိုင်ငံ့ အာဏာပိုင်များက စီးပွားရေး တိုးတက်နှုန်း သည် အနှုတ် ၉ မှ အနှုတ် ၆ ( -9 to -6) ရှိမည်ဟု ခန့်မှန်းခဲ့သော်လည်း တကယ်တန်းတွင် အနှုတ်မပြခဲ့ဘဲ ဝ.၁ ရာခိုင်နှုန်းဖြင့် ရပ်တည်နိုင်ခဲ့သေးသည်။

ကုန်သွယ်ရေး ဝန်ကြီးက “ကမ္ဘာ့စီးပွားရေးတွင် မရေရာ မသေချာမှုများ ရှိနေသေးသည်။ ပထမဦးစွာ စီးပွားရေး အင်အားကြီးနိုင်ငံများမှ ရိုက်ခတ်လာသော လှိုင်းများ၏ ဒဏ်ကို ခံရနိုင်ချေရှိပြီး၊ အဆိုပါ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပဇုန်များ မှ ရိုက်ခတ်မှုများသည် လုပ်ငန်းဆောင်ရွက်မှုများကို နှောင်းနှေးစေနိုင်သည်။ အထူးသဖြင့် ယခု ရောဂါကူးစက်မှုများ မြင့်တက်လာပြီး၊ အသွားအလာ ကန့်သတ်မှုများ ပြန်လည် အရှိန်မြှင့် ရပါက စီးပွားရေး အခြေအနေမှာ ပိုမိုဆိုးရွားလာနိုင်မည်ဖြစ်ပြီး မျှော်လင့်ထားသည်ထက် ပြင်းထန်မှုရော၊ အချိန်ကြာရှည်မှုပါ တိုးလာနိုင်သည်” ဟု ပြောကြားခဲ့သည်။

နိုင်ငံ၏ လုပ်ငန်းအခြေအနေများကို အဆင့် ၃ ဆင့် ခွဲ၍ ပြန်လည်စတင်သွားမည်ဟု အာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။
ပထမအသုတ်တွင် ထုတ်လုပ်ရေးလုပ်ငန်းခွင်များ၊ ဘဏ္ဍာရေးနှင့် အာမခံ လုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးပိုင်းများ၊ သိုလှောင်ရုံလုပ်ငန်းများ ပါဝင်သည်။

ဒုတိယအသုတ်သည် လအနည်းငယ်ကြာမှ ဖြစ်ပေါ်လာဖွယ်ရှိသည်ဟု သိရသည်။
နိုင်ငံအတွင်း၌ အလုပ်လုပ်သူပေါင်း ၂.၄ သန်း ရှိရာမှ ၎င်းပမာဏ၏ ၁၅% ခန့်သာ လုပ်ငန်းခွင်သို့ ဝင်ရောက်နေရကြောင်း ပြောကြားခဲ့သည်။

နိုင်ငံ့စီးပွားရေး၏ ၁၃.၉% ခန့် ဖြစ်သော ဘဏ္ဍာရေး နှင့် အာမခံလုပ်ငန်း ဝန်ဆောင်မှုများတွင် ဝန်ထမ်းများမှာ အိမ်မှ အလုပ်လုပ်နေကြသည်ဟု ဆိုသည်။

OCBC ဘဏ်၏ Analyst တဦးဖြစ်သူ Selina Ling က ဧပြီလမှ ဇွန်လအတွင်း ဂဏန်း ၂ လုံးစာမျှ (-၁၀ နှင့်အထက်) စီးပွားရေး ကျဆင်းနိုင်သည်ဟု ခန့်မှန်းသည်။
HL Bank (Hong Leong) မှ Jeff Ng ကလည်း ကာလတူအခြေအနေတွင် ၂၀ ရာခိုင်နှုန်းခန့် စီးပွားရေး ကျဆင်းနိုင်ကြောင်း ခန့်မှန်းလျက်ရှိသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics

Source: South China Morning Post, Image: SBR Singapore

%d bloggers like this: