0

ကိုဗစ်ကူးစက်မှုတိုးလာသောကြောင့် ဆန်ဖရန်စစ္စကို ဒုတိယအဆင့်ဖြေလျော့မှု ရပ်တန့်ထား

Share

ဆန်ဖရန် စစ္စကိုမြို့ (San Francisco) မြို့တော်ဝန် လန်ဒန်ဘရိဒ် (London Breed) က မြို့တွင်းရှိ လုပ်ငန်းများပြန်လည် လည်ပတ်ခွင့်ပြုမည့် ဒုတိယအဆင့်မှာ မူလက လာမည့် တနင်္လာနေ့တွင် စတင်မည်ဖြစ်သော်လည်း တိုးမြင့်လာသော ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများကြောင့် ယာယီရပ်တန့်ထားမည်ဟု တွစ်တာတွင် သောကြာနေ့က ကြေငြာရေးသားခဲ့သည်။

ဒုတိယအဆင့် လုပ်ငန်းများ ပြန်လည် လည်ပတ်ခွင့်ကို ယခင်က ဇူလိုင် လလယ်ခန့်မှ ခွင့်ပြုရန် ရည်ရွယ်ထားသော်လည်း မြို့တော်က ဇွန် ၂၉ တွင် စောလျင်စွာ ခွင့်ပြုရန် တောင်းဆိုခဲ့သေးသည်။

ထို့ကြောင့် ယခု ဒုတိယအဆင့်တွင် ပါဝင်လာမည့် အလှပြင်ဆိုင်များ၊ ဆံပင်ညှပ်ဆိုင်များ နှင့် ဆိုင်ပြင်ပနေရာထိုင်ခင်းယူထားသော ဘားများ ဖွင့်ခွင့်ရဦးမည်မဟုတ်ချေ။

ကယ်လီဖိုးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှူး Gavin Newsom ကလည်း သောကြာနေ့သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ခဲ့သော San Francisco မြို့တော်၏ ဆုံးဖြတ်ချက်သည် လုပ်ကိုလုပ်ရမည့် ကိစ္စဖြစ်သည်ဟု ထောက်ခံခဲ့သည်။

မြို့တော်ဝန် London Breed ရေးသားခဲ့သော တွစ်ပို့စ်တွင် ‘မနေ့က ဆိုရင် ကူးစက်မှု အသစ် ၁၀၃ ခုရှိခဲ့ပါတယ်။ ပထမအဆင့် လုပ်ငန်းတွေ ပြန်ဖွင့်ခွင့်ပေးတုန်းက ဇွန်လ ၁၅ ရက်နေ့ပါ။ လက်လီဆိုင်တွေ၊ ဆိုင်ပြင်ပ ခုံတွေခင်းထားတဲ့ ညစာရောင်းတဲ့ ဆိုင်တွေ ကြားထဲမှာတောင် ကူးစက်မှုက ၂၀ ပဲ ရှိခဲ့တာပါ။ ခုလိုမျိုးနှုန်းနဲ့ ကူးနေရင်တော့ မကြာခင်ပဲ အရေအတွက်ဟာ ၂ ဆ ဖြစ်လာနိုင်ပါတယ်။ ကျွန်တော်တို့ ဒါကို မတားဆီးပဲ ဆက်သွားခွင့်ပြုလိုက်ရင် ကိန်းဂဏန်းတွေ မြင့်သွားမှာဖြစ်ပြီး အခုလုံးကို ပိတ်ချလိုက်ဖို့ရှိတော့မလိုဖြစ်သွားမှာပါ’ ဟု ဖေါ်ပြထားသည်။

ယခု လာမည့် ဒုတိယအဆင့် ပြန်လည်ဖွင့်လှစ်ခြင်းတွင် တိရိစ္ဆာန်ရုံများ၊ ရေးကူးကန်များ၊ ဆိုင်ပြင်တွင် ထိုင်၍ ရသည့် ဘားများ၊ အလှပြင်ဆိုင်များ၊ ဆံပင်ညှပ်ဆိုင်များ၊ တက်တူးထိုးဆိုင်များ၊ လက်သည်းအလှပြင်ဆိုင်များနှင့် ပြတိုက်များ ပါဝင်သည်။

သို့သော်လည်း ဆန်ဖရန် စစ္စကို မြို့ရှိရာ ကယ်လီဖိုးနီးယားပြည်နည်သည် ကိုဗစ်-၁၉ ကူးစက်မှု အရှိန်မြင့်လာနေသည်ကို တွေ့ရှိနေရသည်။

၎င်းပြည်နယ်သည် ကူးစက်မှု ၅% ထက်ပိုသော ပြည်နယ် ၃၅ ခုထဲတွင် အပါအဝင်ဖြစ်သည်။

ပြည်နယ်အတွင်း အပတ်စဉ် ပျမ်းမျှ ကူးစက်မှုမှာ ၄၄% ခန့် မြင့်တက်လျက်ရှိပြီး နေ့စဉ် ပျမ်းမျှ ၄၈၆၁ ဦးခန့် ကူးစက်နေသည်။

အမေရိကန်ပြည်ထောင်စုရှိ အခြား ပြည်နယ်များတွင်လည်း ၎င်းတို့၏ ပြန်လည်ဖွင့်လှစ်ခွင့်ပြုသည့် အစီအစဉ်များကို ရပ်တန့်ခြင်း သို့မဟုတ် ရုတ်သိမ်းခြင်းများ ပြုလုပ်နေသည်။

သောကြာနေ့ အစောပိုင်းက တက်ဆပ်ပြည်နယ် အုပ်ချုပ်ရေးမှူး Greg Abbott က ပြည်နယ်တွင်းရှိ ဘားများ အားလုံး ပြန်ပိတ်ရန် အမိန့်ထုတ်ခဲ့ပြီး စားသောက်ဆိုင်များတွင်လည်း ဝင်ရောက် စားသောက်နိုင်သော လူဦးရေး ပမာဏကို လျှော့ချစေခဲ့သည်။

ဖလော်ရီဒါပြည်နယ်တွင် ပြည်နယ်အုပ်ချုပ်ရေးမှူး Ron DeSantis က ပြည်နယ်အနေဖြင့် ယခုအချိန်တွင် ပြည်လည်ဖွင့်လှစ်ရန် အစီအစဉ်မရှိကြောင်းပြောကြားခဲ့သည်။

သူက ဆက်လက်၍ ယခုကဲ့သို့ အခြေအနေတွင် ရှေ့ဆက်သွားရန် မမျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။
အရီးဇိုးနားပြည်နယ် အုပ်ချုပ်ရေးမှူး Doug Ducey က ယခုအခြေအနေသည် ယာဉ်ကြော မီးပွိုင့်အနေဖြင့် ဖေါ်ပြရလျှင် ‘အဝါရောင်’ သို့မဟုတ် Yield Sign (အနီရောင်) ပင်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

 

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။

Source: CNBC News, Photo: David Paul Morris | Bloomberg | Getty Images

 

%d bloggers like this: