0

ထိုင်းသို့ ပြောင်းရွေ့အခြေချရန် ကြိုးပမ်းလာကြသည့် ရုရှားနိုင်ငံသားများ

Share

ယမန်နှစ် ရုရှား-ယူကရိန်း စတင်ဖြစ်ပွားသည့် အချိန်မှ စတင်၍ ထိုင်းနိုင်ငံအတွင်းသို့ ပြောင်းရွှေ့အခြေချရန် ကြိုးပမ်းလာခဲ့သည့် ရုရှားနိုင်ငံသား အရေအတွက်မှာ တစစဖြင့် တိုးပွားလာနေခဲ့ခြင်းဖြစ်ပြီး ကိန်းဂဏန်းအားဖြင့် အတော်များနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ရုရှားနိုင်ငံသားများသည် စစ်မှုမထမ်းမနေရ အမိန့်နှင့် စီးပွားရေး ကြပ်တည်းမှုများကို ရှောင်လွှဲ၍ ဘဝသစ်ထူနိုင်ရန်အတွက် ထိုင်းသို့ ဝင်ရောက်လာကြကာ အိမ်ရာအသစ်ဝယ်ယူခြင်းများလည်း ပြုလုပ်လျက်ရှိကြောင်း သိရသည်။

အထူးသဖြင့် ထိုင်း၏ နာမည်ကျော် အပန်းဖြေနေရာဖြစ်သော ဖူးခက်ဒေသရှိ ကွန်ဒိုအတော်များများသည် ရုရှားများကြောင့် အဝယ်လိုက်လျက်ရှိပြီး အချို့မှာ ဝယ်ယူကာ အခြေချနေထိုင်လျက်ရှိကာ အချို့မှာ ရုရှားကို စွန့်ခွာရပါက အနာဂတ် အစီအစဉ်အနေဖြင့် ဝယ်ယူနေကြခြင်းဖြစ်သည်။

ဖူးခက် အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ အချက်အလက်များအရ ၂၀၂၂ နိုဝင်ဘာလမှ ၂၀၂၃ ဇန်နဝါရီအတွင်း ဖူးခက်သို့ ရောက်ရှိလာခဲ့သည့် ရုရှားနိုင်ငံသား အရေအတွက်မှာ ၂ သိန်း ၃သောင်းကျော် ရှိပြီး အခြားနိုင်ငံမှ ဝင်ရောက်လာခဲ့သည့် ခရီးသွားအရေအတွက်နှင့် ယှဉ်ပါက အများဆုံး ပမာဏဖြစ်သည်။

ဖူးခက်သည် ယခင်ကတည်းက ရုရှားလူမျိုးများအကြိုက် ဆောင်းခိုသည့် နေရာဖြစ်ပြီး ယခုအခါတွင်မူ အိမ်ခြံမြေ ဈေးကွက်များပါ ပိုမိုအဝယ်လိုက်လျက်ရှိကာ အချို့မှာ ပုံမှန် ဆောင်းရာသီ အားလပ်ရက်ထက် ကျော်လွန်သွားပြီဖြစ်သော်လည်း ဆက်လက်နေထိုင်နေကြပြီဖြစ်သည်။

ဖူးခက်ရှိ အိမ်ခြံမြေ အကျိုးဆောင်တစ်ဦး၏ ပြောကြားချက်အရ ရုရှား ဧည့်သည်များအနေဖြင့် ၃လ နေထိုင်လိုသူ၊ ၆လ နေထိုင်လိုသူ၊ ၁နှစ် နေထိုင်လိုသူဟူ၍ အမျိုးမျိုးရှိကြပြီး ကြွယ်ဝသည့် အသိုင်းအဝိုင်းများထဲက ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဖူးခက်ရှိ အဆင့်မြင့်ကွန်ဒိုငှါးရမ်းခမှာ ယခင်က တစ်လလျှင် ဒေါ်လာ ၁၀၀၀ သာရှိသော်လည်း ယခုအခါ ဈေး ၃ဆခန့် မြင့်တက်လျက်ရှိပြီး တစ်လလျှင် ဒေါ်လာ ၆၀၀၀ ခန့် ငှါးရမ်းခရှိသည့် လုံးချင်း ဗီလာများမှာလည်း တစ်နှစ်စာ ကြိုတင်ငှါးရမ်းခြင်းများဖြင့် ပြည့်နေပြီဖြစ်သည်။

အရောင်းဈေးကွက်တွင်လည်း နိုင်ငံခြားသားများသို့ ရောင်းချပေးသော ဖူးခက်ရှိ ကွန်ဒိုအခန်း စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းခန့်ကို ရုရှားနိုင်ငံသားများက ဝယ်ယူထားပြီးဖြစ်ကြောင်း သိရပြီး ပမာဏအားဖြင့် ဒေါ်လာ ၂၅ သန်းခန့် ရှိကြောင်း သိရသည်။

နိုင်ငံတကာ၏ အရေးယူပိတ်ဆို့မှုများကြောင့် ရုရှားတွင် ကုန်ဈေးနှုန်းများ မြင့်တက်လျက်ရှိသဖြင့် ငွေကြေးတက်နိုင်သူများသည် ထိုင်းကဲ့သို့ နေရာများသို့ မိသားစုလိုက် ပြောင်းရွေ့အခြေချရန် ကြိုးပမ်းခြင်းဖြစ်ပြီး လူငယ်အချို့မှာမူ အသွားလက်မှတ်တစ်ခုနှင့် ရောက်ရှိလာကာ စစ်မှုထမ်းခိုင်းခြင်းမှ ရှောင်လွှဲရန် ထွက်လာကြခြင်းဖြစ်ကြောင်း သိရသည်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: Al Jazeera, Reuters
Photo: Nikkei Asia

%d bloggers like this: