ဝက်ဂနာပုန်ကန်မှုအပြီး ရုရှား​ရူဘယ်​ တန်ဖိုးကျဆင်း

Share

နိုင်ငံရေး​အခြေအနေများနှင့် လတ်တလော​ဖြစ်ပျက်ခဲ့သည့် ဝက်ဂနာအဖွဲ့ပုန်ကန်မှုများကြောင့်​ ရှရှားရူဘယ်တန်ဖိုးမှာ ဒေါ်လာနှင့်​ယူရိုဖလှယ်ရေးစျေးကွက်တွင် တန်ဖိုးကျဆင်းနေပြီး​ ၁၅လအတွင်း အနိမ့်ဆုံးတန်ဖိုးဖြစ်သည်။

ယမန်နေ့စျေးကွက်ပေါက်စျေးအရ​ ဒေါ်လာ-ရူဘယ်​ စျေးကွက်တွင်​ ၀.၈ ရာခိုင်နှုန်းကျဆင်းသွားပြီး​ ၁ဒေါ်လာလျှင် ၈၈.၂၆ ရူဘယ်​အထိ​ ဖြစ်နေပြီး ယူရို​နှင့်​မူ​ ၀.၉ ရာခိုင်နှုန်းကျဆင်းပြီး ၁ယူရိုလျှင် ၉၅.၉၇ ရူဘယ်​ ပေါက်စျေးရှိနေသည်။

လက်ရှိ​တွင်.ကမ္ဘာ့ ရေနံစျေးကွက်မှာ တည်ငြိမ်နေသော်လည်း ရူဘယ်တန်ဖိုးမှာ.ဆက်လက်ကျဆင်းနေဦးမည်ဟု စျေးကွက်ကျွမ်းကျင်သူများက​ သုံးသပ် ထားပြီး​ ၁ဒေါ်လာလျှင် ၉၀ရူဘယ်အထိ ရောက်သွားနိုင်ကြောင်း ခန့်မှန်းထားကြသည်။

ရုရှားအစိုးရသည် ယူကရိန်း​ကျူးကျော်​စစ်​ စတင်သည့်အချိန်မှစကာ အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများအတွင်း ရူဘယ်တန်ဖိုး​ကျမသွားစေရန်​တတ်နိုင်သမျှ​ ကျားကန်ခဲ့သော်လည်း လတ်တလော​ဖြစ်ပွားခဲ့သည့် ရုရှားကြေးစားစစ်တပ်​ ပုန်ကန်​မှုသည်​ ပူတင်၏ ခေါင်း​ဆောင်နေရာကို များစွာမေးခွန်းထုတ်ခဲ့ပြီး စျေးကွက်မတည်ငြိမ်မှုကို ဆက်လက်ဦးတည်စေခဲ့သည်။

ပုံမှန်အားဖြင့် ရူဘယ်​ကို​ အားကောင်းစေရန် အထောက်အပံ့များထဲမှ တစ်ခုမှာ ရုရှားပို့ကုန်လုပ်ငန်းရှင်များ အခွန်ဆောင်ချိန်ဖြစ်ပြီး ထိုအချိန်တွင်​ ကုမ္ပဏီ​များသည်​ ၎င်းတို့ပိုင် နိုင်ငံ​ခြားငွေကြေးများကို အခွန်အခနှင့် ပြည်တွင်းငွေလွှဲပြောင်းမှုများမတွက်​ ရူဘယ်သို့ပြောင်းလေ့ရှိကြပြီး ယခုအခါ​ အဆိုပါ​ ကဏ္ဍ​မှာလည်း​ အားနည်းလာကြောင်း သိရသည်။

ရုရှားရေနံစျေးကွက်အတွက် အရေးပါသော Brent ရေနံစိမ်းစျေးကွက်တွင် ကမ္ဘာ့ရေနံစျေးနှုန်းမှာ ရေနံစိမ်း၁စည်လျှင်​ ၇၄.၇၀ ဒေါ်လာ​ဖြင့်​ ၀.၄ရာခိုင်နှုန်း စျေးတက်သော်လည်း ရုရှားစတော့​စျေးကွက်တွင်တော့ အကျဘက်သာ​ ပြနေခဲ့သည်။

ရုရှား​အစိုးပိုင်​ Gazprom​ ရေနံနှင့်ဓါတုကုမ္ပဏီသည်လည်း  ၂၀၂၂​ခုနှစ်​အတွက်​ ရှယ်ယာအမြတ်ငွေများကို ထုတ်ပေးခြင်းဆိုင်းငံ့ထားရန်​ဘုတ်အဖွဲ့က ဆုံးဖြတ်ပြီးနောက် ရှယ်ယာစျေးများ ၀.၇​ရာခိုင်နှုန်းကျဆင်း သွားသည်ဟု သိရသည်။

ကူးယူ​ဖော်ပြ​ခွင့်မပြုပါ။
Source: Reuters
Photo: CBS news

%d bloggers like this: