0

ဆော်ဒီနဲ့ ရေနံဈေးနှုန်းပြိုင်ပွဲမှာ အရင်ဦးဆုံး အညံ့ခံမှာ ရှရှားမဟုတ်ဘူးလို့ ကရင်မလင်နန်းတော်က ပြောကြားလိုက်ပါတယ်

Share

ကရင်မလင်နန်းတော် သမ္မတရုံးပြောရေးဆိုခွင့်ရ အရာရှိ ဒီမီထရီပက်စကော့နဲ့ ရုရှားသမ္မတ ပူတင် (Photo : Newsweek)

          ဆော်ဒီနိုင်ငံဦးဆောင်တဲ့ ရေနံတင်ပို့သူများ အစည်းအရုံး (OPEC) နဲ့ ရုရှာနိုင်ငံတို့ကြား ပြီးခဲ့တဲ့ မတ်လတုန်းက ဖြစ်ခဲ့တဲ့ အကွဲအပြဲအပြီးမှာ ရေနံဈေး ပြိုင်ပွဲစတင်ခဲ့တာပါ။ ဖြစ်စဉ်ကိုပြန်ပြောရရင် လွန်ခဲ့တဲ့ (၃)နှစ်တုန်းက OPEC နိုင်ငံတွေနဲ့ ရုရှားနိုင်ငံတို့ကြားမှာ ဈေးကွက် အပြန်အလှန်ထိန်းချုပ်ရေးအရ သဘောတူစာချုပ်ချုပ်ဆိုထားခဲ့ပါတယ်။ ဒီသဘောတူ စာချုပ်အရ ကမ္ဘာ့ရေနံဈေးကွက်မှာ ရေနံစိမ်းဈေးတွေ အရမ်းကျနေပြီဆို ရေနံဈေးကို ဆွဲတင်ဖို့အတွက် OPEC အဖွဲ့ဝင်နိုင်ငံတွေနဲ့ ရုရှားနိုင်ငံတို့ဟာ သတ်မှတ်ထားတဲ့ ရေနံစိမ်းစည် အရေအတွက်ကို လျော့ချပြီး ဈေးပြန်တက်လာအောင် လုပ်ကြဖို့ သဘောတူထားတာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်က စခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုဖြစ်နေစဉ်အတွင်း တရုတ်နိုင်ငံက ရေနံချက်စက်ရုံတွေ ရပ်တန့်သွားခဲ့သလို လေကြောင်းလိုင်းတွေ ရပ်နားတဲ့အတွက် လေယဉ်ဆီဈေးကွက်လဲ ကမောက်ကမဖြစ်ခဲ့ရပါတယ်။ ဒီလိုနဲ့ ရေနံဈေးဟာ တအိအိကျနေတဲ့အတွက် OPEC နိုင်ငံတွေရဲ့ ဦးဆောင်သူ ဆော်ဒီနိုင်ငံနဲ့ ရုရှားနိုင်ငံတို့ဟာ စာချုပ်ပါအတိုင်း နေ့စဉ်ထုတ်လုပ်တဲ့ ရေနံစိမ်းအရေအတွက်ကို လျော့ချဖို့ တိုင်ပင်ကြပါတယ်။ အဲဒီမှာ ဆော်ဒီက စာချုပ်ပါ ရေနံစိမ်းစည်အရေအတွက်ထက် ပိုလျော့ချဖို့ ညှိုနှိုင်းတာကို ရုရှားက ကန့်ကွက်ရာကနေ တင်းမာမှုတွေဖြစ်ခဲ့ပြီး ဒီဧပြီဆို သက်တမ်းကုန်တော့မဲ့ အရင်သဘောတူစာချုပ်ကို ဆက်မချုပ်တော့ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။
          ဒီအစည်းအဝးအပြီး သိပ်မကြာခင်မှာတော့ ရုရှားစွမ်းအင်ဝန်ကြီးက လာမဲ့ ဧပြီလကနေစလို့ ရုရှားနိုင်ငံဟာ နိုင်ငံရဲ့ နေ့စဉ်ထုတ်လုပ်မှု ရေနံစိမ်းစည်အရေအတွက်ကို ဘာအကန့်အသတ်မှထားမနေတော့ဘဲ ထုတ်လုပ်မှာဖြစ်တယ်လို့ ဆိုသွားခဲ့သလို OPEC အဖွဲ့ရဲ့ကိုယ်စားလှယ်အနေနဲ့ ဦးဆောင်ဆွေးနွေးသူ ဆော်ဒီစွမ်းအင်ဝန်ကြီး မင်းသား အဗ္ဗဒူလာဇစ်ကလည်း အကယ်၍ရှရှားဘက်က ရေနံဈေးချပြီး ဈေးကွက်ဝေစုလုယူမယ်ဆိုရင် OPEC အနေနဲ့ ပြန်လည်တုံ့ပြန်မဲ့အစီအစဉ်တွေ ချထားပြီးပြီလို့ သတင်းထောက်တွေကို ဖြေကြားသွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ရေနံဈေးတွေ ဆက်ကျသွားတာ ဒီနေ့ထိဖြစ်သလို ဈေးကွက်သုံးသပ်သူတွေကတော့ သမိုင်းမှာ အဆိုးဝါးဆုံး ရေနံဈေးပျက်ကပ်ဖြစ်မှာကို စိုးရိမ်နေကြပါတယ်။
          လေ့လာသူတွေက ဒီလိုသာရေနံဈေးဆက်ကျနေရင် ဆော်ဒီနဲ့ ရုရှားနိုင်ငံသာမက ရေနံထုတ်ကုန်ပေါ်မီခိုနေရတဲ့ နိုင်ငံတွေပါ အထိနာကုန်မှာ စိုးတဲ့အတွက် ရုရှာသမ္မတ ပူတင်အနေနဲ့ ဆော်ဒီအစိုးရကို ကမ်းလှမ်းချက်တစ်စုံတစ်ရာ လုပ်သင့်နေပြီလို့ဝိုင်းဝန်းထောက်ပြကြတာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ သောကြာနေ့က ကရင်မလင်နန်းတော်ရှိ သတင်းစာရှင်းလင်းပွဲမှာ ရုရှားသမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ဗ်က သမ္မတပူတင်အနေနဲ့ လောလောဆယ်မှာ ဆော်ဒီအာဏာပိုင်တွေကို ဆက်သွယ်ဖို့အစီအစဉ်မရှိသေးဘူးလို့ အတည်ပြုပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ခုဆို ဆော်ဒီနဲ့ ယူအေအီးနိုင်ငံတွေဟာ ရုရှားထက်ခြေလှမ်းဦးအောင် ရေနံတင်ပို့မှုတွေကို မြှင့်တင်ပြီး ဈေးချနေတဲ့အတွက် ရုရှားကလည်း ဧပြီလရောက်ရင် ဈေးကွက်ဝေစုမဆုံးရှုံးအောင် ရေနံစိမ်းထုတ်လုပ်မှုကို သေချာပေါက်တိုးမြှင့်မှာပါလို့ ထပ်လောင်းအတည်ပြုသွားခဲ့ပါတယ်။
          ခုဆိုရင် ရေနံဈေးကျတဲ့ ဒဏ်ကို နှစ်နိုင်ငံလုံးခံစားနေရပြီး ရေနံစိမ်းတစ်စည် ဒေါ်လာ ၃၀ဆိုတာ သူတို့ရဲ့ Breakeven (အရင်းကျေမှတ်) အောက်အများကြီးရောက်နေတာပါ။ အထူးသဖြင့် ဆော်ဒီနိုင်ငံဆို သူတို့ရဲ့ ရေနံထုတ်လုပ်မှုအတွက် အရင်းကျေဖို့ရှိရမဲ့ ဈေးနှုန်း ရေနံတစ်စည် ဒေါ်လာ ၈၀ဆိုတဲ့ အောက်ရဲ့ ထက်ဝက်မကရောက်နေပါပြီ။ ဒါပေမဲ့ ရုရှားလဲ မသက်သာပါဘူး။ သူတို့ရဲ့ အရင်တစ်ပတ်က ရေနံနဲ့ရေနံထွက်ပစ္စည်းတွေဆီကရတဲ့ ဝင်ငွေဟာ ခန့်မှန်းထားတာထပ် ဒေါ်လာ ၃၀ ဘီလီယံလောက်နည်းနေခဲ့တာပါ။ ဒီပုံစံအတိုင်းဆိုရင်တော့ ဒီနှစ်စာရင်းချုပ်ရင် ရုရှားဟာ ကုန်သွယ်မှုလိုငွေပြသွားနိုင်ပါတယ်။ ဒါပေမဲ့ ခုချိန်ထိတော့ ဒီရေနံဈေး တိုက်ပွဲမှာ ဘယ်သူကမှ အလျော့ပေးဖို့လမ်းမမြင်သေးသလို အရင်ဆုံး လက်မြှောက်တဲ့သူကတော့ အများဆုံးအထိနာမယ်ဆိုတာ အားလုံးသဘောပေါက်ထားကြလို့လည်းပါမှာပါ။
ကူးယူဖော်ပြခွင့်မပြုပါ။

Source: oilprice.com

%d bloggers like this: