ရုရှားစိုက်ပျိုးရေးဘဏ် ကမ္ဘာ့ဘဏ်စနစ်အတွင်း ပြန်ဝင်ခွင့်ရမည်

Share

ယူကရိန်းအား စစ်ပွဲဆင်နွှဲမှုကြောင့် ရုရှားအား ဥရောပသမဂ္ဂနှင့် အနောက်နိုင်ငံများက နိုင်ငံတကာငွေပေးချေမှုစနစ် SWIFT မှ ပြီးခဲ့သည့် ၂၀၂၂ ဇွန်လတွင် ထုတ်ပယ်ခဲ့ပြီး ရုရှားမှ တင်ပို့ကုန် အမျိုးမျိုးကိုလည်း ပိတ်ပင်ခဲ့သည်။
ရုရှားမှ စွမ်းအင်ဆိုင်ရာ ထွက်ကုန်များ၊ အခြေခံအဆောက်အဦဆိုင်ရာ ပစ္စည်းများ၊ လေကြောင်းနှင့် အာကာသဆိုင်ရာ ကုန်များ၊ ရေနံသန့်စင်မှုလုပ်ငန်းသုံး ပစ္စည်းများ၊ ဇိမ်ခံပစ္စည်း၊ ရွှေ၊ သံနှင့် သံမဏိထွက်ကုန် အားလုံးကို ပိတ်ဆို့တားမြစ်ခဲ့သည်။

သို့သော်လည်း ရုရှားနိုင်ငံမှ ထွက်ရှိသော စိုက်ပျိုးထွက်ကုန်များနှင့် ဓါတ်မြေဩဇာကိုမူ စီးပွားရေးပိတ်ဆို့မှုမှ ကင်းလွတ်ထားသည်။
ယခု အခါ ယူကရိန်း၏ ပင်လယ်နက်မှ ဂျုံနှင့် သီးနှံထွက်ကုန်များ ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းသို့ ဘေးကင်းမှုရှိစွာ ပို့ဆောင်နိုင်ရေးနှင့် ရုရှားစိုက်ပျိုးရေးဘဏ်၏ လူဇင်ဘက်နိုင်ငံရှိ ဘဏ်ခွဲအား ကမ္ဘာ့ဘဏ်စနစ် SWIFT အတွင်း ပြန်လည် ဝင်ရောက်ခွင့်ရရေးတို့အကြား ညှိနှိုင်းမှုများ ရှိလာခဲ့သည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် က လူဇင်ဘက်ရှိ ရုရှားစိုက်ပျိုးရေးဘဏ်၏ လက်အောက် ရုံးခွဲသည် SWIFT နိုင်ငံတကာငွေပေးချေမှု ကွန်ယက်အတွင်း ဝင်ရောက်ရန် လျှောက်ထားမှုမှ ရက် ၃၀ အတွင်း ဖြစ်နိုင်သည်ဟု ပြောကြားခဲ့သည်။

မော်စကိုအစိုးရက ရုရှား၏ စိုက်ပျိုးရေးထွက်ကုန်များနှင့် မြေဩဇာတင်ပို့မှုများမှာ ပိတ်ဆို့မှုမခံရသော်လည်း ငွေချေစနစ်များကြောင့် နိုင်ငံတကာသို့ တင်ပို့ရာတွင် အခက်အခဲများကို ရင်ဆိုင်ရကြောင်း၊ ယူကရိန်းသည် ပင်လယ်နက် ထွက်ပေါက်မှ ဂျုံ၊ ပြောင်းကဲ့သို့ သီးနှံများ တန်ချိန် ၃၃ သန်း ခန့် တင်ပို့သော်လည်း ကမ္ဘာ့ဈေးကွက်အတွက် လုံလောက်မှုမရှိကြောင်းများကို ထုတ်ပြန်ခဲ့သည်။

ဥရောပနိုင်ငံ လူဇင်ဘက်ရှိ ရုရှားစိုက်ပျိုးရေးဘဏ် အခွဲဌာနမှာ ကမ္ဘာ့ဘဏ်စနစ်နှင့် ရုရှားဘဏ်လုပ်ငန်းတို့အကြား ပေါင်းကူးဖြစ်လာနိုင်ပြီး ရုရှား၏ ဓါတ်မြေဩဇာနှင့် စိုက်ပျိုးရေးထွက်ကုန် တင်ပို့မှုများ မြင့်တက်လာစေမည်ဖြစ်သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Reuters Business, Gov UK, Office for National Statistics ONS UK, Consillium Europa EU, RHSB Ru
Image: Daily Sabah

%d bloggers like this: