ဘောလုံးစူပါစတားတဦးဖြစ်သည့် ရိုနယ်ဒိုသည် အွန်လိုင်း နာရီရောင်းဝယ် ဖလှယ်ရေး ဝဘ်ဆိုက်တခုဖြစ်သည့် Chrono24 တွင် ရှယ်ယာများ ဝယ်ယူ၍ ရင်းနှီးမြှပ်နှံခဲ့ကြောင်း သိရသည်။
လက်ရှိ Chrono24 ၏ ရှယ်ယာရှင်များတွင် ဖက်ရှင်ကုမ္ပဏီ LVMH၏ ဥက္ကဌ Bernard Arnault တို့လည်းပါဝင်ကြပြီး ရော်နယ်ဒိုအနေဖြင့် ရှယ်ယာပမာဏ မည်မျှရင်းနှီးမြှပ်နှံခဲ့သည်ကိုတော့ Chrono24 က ထုတ်ဖော်ပြောကြားခြင်းမပြုခဲ့ပါ။
တန်ဖိုးကြီး နာမည်ကျော်ဇိမ်ခံ လက်ပတ်နာရီများကို ရောင်းဝယ်ဖလှယ်နိုင်သည့် အဆိုပါ Chrono24 ဝဘ်ဆိုက်သည် ၂၀၂၁ ခုနှစ်က တွက်ချက်ထားမှုများအရ စျေးကွက်တန်ကြေး ဒေါ်လာ ၁ဘီလီယံအထိ ရှိပြီး ဂျာမန်အခြေစိုက်ကုမ္ပဏီဖြစ်သည်။
Chrono24၏ CEO ဖြစ်သူ Tim Stracke က ရော်နယ်ဒို၏ ရင်းနှီးမြှပ်နှံမှုသည် မည်သည့် မားကတ်တင်း သဘောတူညီချက်မျှ ပါဝင်ခြင်းမရှိကြောင်းနှင့် ၄င်းတို့ဘက်က မည့်သည့်ငွေကြေး တစုံတရာမှ ပေးကမ်းခြင်းမရှိခဲ့ကြောင်း၊ ရိုနယ်ဒို၏ ငွေများသာ ရင်းနှီးမြှပ်နှံမှုအဖြစ် ကုမ္ပဏီသို့ စီးဆင်းခဲ့ခြင်းဖြစ်ကြောင်း အင်တာဗျူးတွင် ဖြေကြားခဲ့သည်။
Chrono24 သည် လက်ရှိတွင် တန်ဖိုးကြီးဇိမ်ခံ လက်ပတ်နာရီများကို ရောင်းဝယ်နိုင်သည့် အကြီးဆုံး အွန်လိုင်း ပလက်ဖောင်းဖြစ်ပြီး တစ်ဦးခြင်း ရောင်းချသူနှင့် နာရီဆိုင်ကြီးများက တင်ထားသည့် နာရီပေါင်း ၅သိန်းကျော်ရှိကာ ဝဘ်ဆိုက်ပေါ်တင်ထားသည့် နာရီများ၏ ၉၀ ရာခိုင်နှုန်းသည် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။
စျေးကွက်သုတေသီများ၏ တွက်ချက်မှုအရ တပတ်ရစ်နာရီများ၏ အရောင်းစျေးကွက်မှာ တရိပ်ရိပ်မြင့်တက်လျက်ရှိပြီး ယခုဆယ်စုနှစ်အကုန်တွင် ၇၅ရာခိုင်နှုန်းအထိမြင့်တက်ကာ စျေးကွက်တန်ဖိုး ဒေါ်လာ ၄၀ဘီလီယံအထိ ရောက်ရှိနိုင်ပြီး နာရီအသစ်စျေးကွက်ကိုပင် ကျော်တက်သွားမည်ဟုဆိုသည်။
ရိုနယ်ဒိုအနေဖြင့်လည်း တန်ဖိုးကြီးနာရီများစုဆောင်းတတ်သူဟု နာမည်ကြီးကာ Rolex, Jacob & Co, Girard-Perregaux နှင့် Frank Muller ကဲ့သို့ နာမည်ကြီးတံဆိပ်များကို ဝတ်ဆင်လေ့ရှိကြောင်းတွေ့ရပြီး သူပိုင်နာရီများ၏ တန်ဖိုးအနေဖြင့် ဒေါ်လာသန်းချီလိမ့်မည်ဟု တွက်ချက်ထားကြသည်။
လက်ရှိအချက်အလက်များအရ လူကြိုက်များသည့် နာရီတံဆိပ်များဖြစ်သော Rolex, Patek Philippe နှင့် Audemars Piguet တို့၏ ဝယ်လိုအားမှာ အေးစက်လျက်ရှိပြီး ယခုနှစ်နှစ်အတွင်း အနိမ့်ဆုံးအခြေအနေဖြစ်ကာ Nautilus နှင့် Royal Oak တို့လည်း အလားတူပင်ဖြစ်သည်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: Bloomberg, Insider
Photo:EU Startups