0

စင်္ကာပူတွင် Recycle လုပ်ရန်လှူဒါန်းထားသည့် ရှူးဖိနပ်များ အင်ဒို အဟောင်းဈေးတန်းတွင် ဈေးကောင်း

Share

အမေရိကန် ရေနံနှင့်ဓါတုကုမ္ပဏီ Dow Inc နှင့် စင်္ကာပူအစိုးရတို့ ပူးပေါင်းကာ စင်္ကာပူနိုင်ငံတဝှမ်းရှိ အသုံးမပြုတော့သော ရှူးဖိနပ်အဟောင်းများကို အလှူခံ၍ ၎င်းတို့ကို ပြန်လည်ကြိတ်ခြေပြီး ကလေးများအတွက် ကစားကွင်းများ၊ ပြေးလမ်းများ ဖောက်လုပ်ရာတွင် ပြန်လည်အသုံးချရန် ရည်ရွယ်ခြင်းဖြစ်သည်။

သို့သော်လည်း ရိုက်တာသတင်းဌာန၏ စုံစမ်းဖော်ထုတ်ချက်အရ နိုင်ငံအတွင်းလှူဒါန်းထားသည့် ဖိနပ်များသည် အမှန်တကယ်ရည်ရွယ်ထားသကဲ့သို့ ကလေးကစားကွင်းများ၊ အားကစားပြေးလမ်းများ ဖြစ်သွားခြင်းမရှိဘဲ အင်ဒိုနီးရှားရှိ ဖိနပ်ဟောင်းဈေးကွက်သို့ ရောက်ရှိသွားကြခြင်းဖြစ်သည်။

ရိုက်တာသတင်းထောက်များသည် ပြီးခဲ့သည့်နှစ် ဇူလိုင်လတွင် ရှုးဖိနပ် ၁၁ ရံကို အဆိုပါ ပရိုဂရမ်သို့ လှူဒါန်းခဲ့ကြပြီး ဖိနပ်အတွင်းဖော့များတွင် GPS လမ်းညွှန်ပစ္စည်းများထည့်သွင်းထားရှိကာ လှူဒါန်းထားသော ဖိနပ်များ အမှန်တကယ် recycle ပြုလုပ်ခြင်းရှိမရှိ စမ်းသပ်ခဲ့ကြသည်။

ကနဦးတွင် Nike ဖိနပ်တစ်ရံအတွင်း GPS device ထည့်သွင်းကာ လှူဒါန်းခဲ့ပြီး အဆိုပါ ဖိနပ်သည် တစ်ပတ်အတွင်း စင်္ကာပူရေလက်ကြားကို ဖြတ်ကျော်၍ အင်ဒိုနီးရှားရှိ အဟောင်းတန်းကို ရောက်ရှိသွားကြောင်း ဖုန်းတွင် ပြန်လည်ပြသခဲ့သည်။

ထို့နောက် ရိုက်တာသတင်းထောက်များသည် ပိုမိုသေချာစေရန် ကျန်ဖိနပ် ၁၀ရံကို ဆက်လက်လှူဒါန်းခဲ့ပြီး အဆိုပါ ဖိနပ်အားလုံးသည် Recycle လုပ်ရန် ကြိတ်ခြေသည့် စက်ရုံသို့ မရောက်ရှိဘဲ စင်္ကာပူရှိ ကုန်အဟောင်းပစ္စည်းများ တင်ပို့သော Yok Impex ကုမ္ပဏီ၏ ဂိုဒေါင်သို့ ရောက်ရှိကုန်ကြသည်။

သည့်နောက်တွင် အဆိုပါဖိနပ်များသည် လေကြောင်း၊ ရေကြောင်းများကို ဖြတ်ကျော်၍ အင်ဒိုနီးရှားနိုင်ငံအတွင်း ဝင်ရောက်သွားခဲ့ကြပြီး ဖိနပ် ၃ရံကို ဂျာကာတာနှင့် ဘာတန်ရှိ အဟောင်းတန်းများအတွင်းမှ ရိုက်တာသတင်းထောက်များက ပြန်လည်ခြေရာခံ ရှာဖွေနိုင်ခဲ့သည်။

ကျန်ဖိနပ်များထဲမှ ၄ရံမှာ မြို့နှင့်အလွန်ဝေးသည့် နေရာသို့ ရောက်ရှိကြောင်း ပြသနေသဖြင့် ပြန်လည်ရယူရန် မလွယ်ကူခဲ့ဘဲ ကျန် ၃ရံမှာမူ အင်ဒိုနီးရှားထဲရောက်ရှိသည်နှင့် ခြေရာခံမရတော့ဘဲ အဆက်အသွယ်ပြတ်တောက်သွားကြောင်း သိရသည်။

ထိုကဲ့သို့ ရိုက်တာက သတင်းဖော်ထုတ်ခဲ့ပြီးသည့်နောက် Dow Inc နှင့် စင်္ကာပူအစိုးရတို့သည် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ တွင် စစ်ဆေးမှု အဆုံးသတ်ခဲ့ကြောင်းနှင့် ယခု ပရိုဂရမ်မှနေ၍ Yok Impex ကုမ္ပဏီကို ထုတ်ပယ်လိုက်ကြောင်း ရိုက်တာသို့ သတင်းပြန်ကြားခဲ့သည်။

အမှန်တကယ်တွင် အဆိုပါ ဖိနပ်အဟောင်းများကို ကြိတ်ခြေ၍ Recycle ပြုလုပ်ရန် တာဝန်ယူထားသည်မှာ B.T Sport ဆိုသည့် ကုမ္ပဏီဖြစ်ပြီး Yok Impex မှာ ပြည်သူများ လှူဒါန်ထားသည့် ပုံးများအတွင်းမှ ဖိနပ်များကို သိမ်းယူ၍ ကြိတ်သည့် စက်ရုံသို့ ပို့ဆောင်ရန် တာဝန်ယူထားသည့် ကုမ္ပဏီဟု ဆိုသည်။

Yok Impex ကဲ့သို့ ကုန်အဟောင်းများ တင်ပို့သည့် ကုမ္ပဏီတစ်ခုကို အဆိုပါ ပရိုဂရမ်တွင် မည်သည့်အကြောင်းကြောင့် ကန်ထရိုက်ပေးခဲ့သည်ကိုမူ Dow Inc က ပြန်လည်ရှင်းပြခြင်းမပြုခဲ့ကြောင်း ရိုက်တာသတင်းဌာနက ရေးသားထားသည်။

Dow Inc နှင့် စင်္ကာပူအစိုးရ တာဝန်ရှိသူများက အဆိုပါဖြစ်ရပ်နှင့် ပတ်သတ်၍ လူထုသို့ တောင်းပန်စကားဆိုခဲ့ပြီး စင်္ကာပူ လူအဖွဲ့အစည်း၊ လူငယ်နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဝန်ကြီးသည်လည်း အဆိုပါကိစ္စအပေါ် ပါလီမန်တွင် စုံစမ်းမေးမြန်းခြင်းခံခဲ့ရသည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး အဖွဲ့များက Dow ကဲ့သို့ ကော်ပိုရေးရှင်းကြီးများသည် ၎င်းတို့၏ ရေနံနှင့် ပလတ်စတစ်ထုတ်လုပ်မှုများကို ကာကွယ်နိုင်ရန်အတွက် ယခုကဲ့သို့ ပရိုဂရမ်များကို ဟန်ပြလုပ်နေခြင်းဖြစ်ကြောင်း ဝေဖန်ထားခဲ့ကြသည်။

Dow ကတော့ ၎င်းတို့အနေဖြင့် ယခုပရိုဂရမ်ကို ဆက်လက်အကောင်အထည်ဖော်နေပြီး Jurong ရှိ အားကစားရုံနှင့် Kallang ရှိ ဘောလုံးကွင်းပြေလမ်းများမှာ ရှူးဖိနပ်အဟောင်းများကို ပြန်လည်အသုံးချ၍ ခင်းကျင်းထားကြောင်း ရိုက်တာသို့ ပြောကြားခဲ့သော်လည်း အဆိုပါ ပရော့ဂျက်များမှာ အပြင်လူဝင်ခွင့်မရှိသဖြင့် အမှန်တကယ် အသုံးပြုမပြုကို ရိုက်တာက သီခြား အတည်မပြုနိုင်ကြောင်း ရေးသားထားသည်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: Reuter
Photo: Reuters

%d bloggers like this: