ကိုရိုးနားဗိုင်းရပ်စ် ကပ်ရောဂါကြီးကြောင့် စီးပွားရေးမကောင်းခဲ့ကြသော အမေရိကန် လက်လီအရောင်းဆိုင်များနှင့် စားသောက်ဆိုင်ပိုင်ရှင်များသည် ယခုအချိန်တွင်လည်း George Floyd သေဆုံးမှုအတွက် ဆန္ဒပြသောင်းကြမ်းသူများကြောင့် ဆိုင်များဖျက်ဆီးခံနေရပြီး ပစ္စည်းလုယူခံရမှုများ ကြုံတွေ့နေကြသည်။
မင်နီပိုလစ်မှ လူမည်း အမျိုးသားတဦးအား လူဖြူရဲဝန်ထမ်းတဦးက အကြမ်းဖက်ဖမ်းဆီးစစ်ဆေးရာ သေဆုံးခဲ့မှုကြောင့် လူဖြူလူမည်း ခွဲခြားဆက်ဆံမှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသော ဆန္ဒပြသူများသည် ရဲစခန်းနှင့် ရဲကားများကို မီးရှိုးဖျက်ဆီးခဲ့ကြပြီး တဖြေးဖြေး ပြင်းထန်လာကာ မြို့လည်ရှိ စတိုးဆိုင်များအား ဖျက်ဆီး ဝင်ရောက်ကာ လုယူမှုများထိ ပြုလုပ်လာခဲ့ကြခြင်းဖြစ်သည်။
Target Corp, Walmart Inc, Nike Inc နှင့် အခြား မိသားစုပိုင် အရောင်းဆိုင်များအားလုံးသည် ဆန္ဒပြသူများက ဖျက်ဆီးမှုများကြောင့် လမ်းတောက်လျှောက်ရှိ ဆိုင်များအားလုံးကို ပိတ်သိမ်းထားသည်။ Adidas က အမေရိကားရှိ ဆိုင်များအားလုံး ယာယီပိတ်သိမ်းထားကြောင်း ကြေငြာထားပြီး Amazon ကတော့ ဆန္ဒပြသူများ ဆိုးဆိုးရွားရွား သောင်းကြမ်းနေသည့် မြို့များရှိ သူ၏ ဝန်ထမ်းများ လုံခြုံမှုရှိစေဖို့ Delivery ပို့ခြင်းကို ရပ်ဆိုင်းထားသည်ဟု ဆိုသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း Walmart စတိုးဆိုင် တဒါဇင်ခန့် ဖျက်ဆီးခံရပြီးနောက်တွင် တနိုင်ငံလုံးရှိ Walmart စတိုးဆိုင်းများအားလုံးကို ပိတ်သိမ်းထားသည်။ မင်နီပိုလစ် အခြေစိုက် Target Corp က အမေရိကားရှိ ဆိုင်ခွဲပေါင်း ၂၀၀ ကျော် ပိတ်သိမ်းထားသည်။ မင်နီပိုလစ်တွင် မိသားစုပိုင် အရက်အရောင်းဆိုင်များ၊ အိန္ဒိယ စားသောက်ဆိုင်များနှင့် အခြားအရောင်းဆိုင်များတွင် လုယူမှုများ ခံနေရသည်။
Hell’s Kitchen ၏ co-founder ဖြစ်သူ Cynthia Gerdes က သက်တမ်း ၁၈ နှစ်ရှိ သူမ၏ စားသောက်ဆိုင်ကို ကိုရိုးနားဗိုင်းရပ်စ် ကပ်ရောဂါ စတင်ချိန် မတ်လကတည်းက ပိတ်ထားခဲ့ရသည်ဟု ဆိုသည်။ ဂျူလိုင်လတွင် ပါဆယ်စတင် ရောင်းချရန် အစီအစဉ်ဆွဲထားသော်လည်း George Floyd ၏ သေဆုံးမှုအတွက် ဆန္ဒပြမှုများကြောင့် သူမ စားသောက်ဆိုင်အပါအဝင် အခြားဆိုင်များအားလုံးလိုလို လုယူဖျက်ဆီးခံရမှုများ ရှိနေပြီး အချို့ဆိုင်ပိုင်ရှင်များမှာ ဆိုင်မျက်နှာစာများကို သစ်သားပြားများဖြင့် ကာရံနေကြရသည်ဟု သူမကဆိုသည်။
“ဒါဟာတော်တော်ဆိုးရွားပါတယ်။ Lockdown တွေဖြေလျှော့ပေးလို့ ခုမှစီးပွားရေးပြန်စမလို့ပဲရှိသေးတယ်။ ဒီလိုအဖြစ်ဆိုးမျိုး ကြုံရတော့တာပဲ” ဟု Subway ၏ franchisee တဦးဖြစ်သူ Bob Grewal ကဆိုသည်။ McDonald နှင့် Starbuck ကုမ္ပဏီများမှာလည်း franchisee များနှင့် ဆွေးနွေးကာ ဝန်ထမ်းများ၏ လုံခြုံရေးအတွက် ဆိုင်ခွဲများအားလုံးလိုလို ပိတ်ထားပြီး အခြေအနေပြန်လည် တည်ငြိမ်မှ ပြန်ဖွင့်မည်ဟု ကုမ္ပဏီများက ဆိုထားသည်။ အချို့ Nike နှင့် Adidas အရောင်းဆိုင်များသည် ဆန္ဒပြသူများ၏ ဖျက်ဆီးခြင်းနှင့် ပစ္စည်းလုယူများရှိသော်လည်း အရောင်းဆိုင် ဝန်ထမ်းများအား ထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိဟု ဆိုသည်။
Nike ကသူ၏ နံမည်ကြီး “Just Do It” ဆိုသည့် ဆောင်ပုဒ်ကို ပြောင်းပြန်လှန်ကာ လူမျိုးရေးခွဲခြားမှုကို ရည်ရွယ်ပြီး “For one, Don’t Do It” ဆိုသည့် Message video တိုလေးကို ပြီးခဲ့သည့် သောကြာနေ့က ၎င်း၏ official social media account စာမျက်နှာပေါ်တွင် တင်ခဲ့သည်။
Facebook ကလည်း ယနေ့မနက်တွင် သူ၏ Logo များအားလုံးကို အနက်ရောင် ပြောင်းကာ လူမျိုးရေးခွဲခြားဆက်ဆံမှုကို ရှုံ့ချပြီး အကြမ်းဖက်ခံခဲ့ရသူများနှင့် တသားတည်းရှိကြောင်း ပြသခဲ့သည်။
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: Fox Business News